သကျက်တော နယ်မြေရဲစခန်းကို လောင်းလုံး PDF အဖွဲ့ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်

0
445

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနယ်‌မြေရဲစခန်းကို မေလ ၅ ရက် ညဆယ်နာရီကျော်ခန့်က နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။ 

ယင်း ရဲကင်းစခန်းကို မေလ ၅ ရက်နေ့ ညဆယ်နာရီကျော်အချိန်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ ပျောက်ကျားအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၆ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သကျက်တောရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ရဲများထိခိုက်သေဆုံးမှုကိုမူ မသိရသေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သေနတ်သံတွေကတော့ တစ်ညလုံးပဲ ပစ်နေကြတာ။ အိပ်တောင်မအိပ်ရသေးဘူး တစ်ညလုံး” ဟု သကျက်တောရွာသူတစ်ဦးက ဆိုသည်။ 

ပစ်ခတ်မူအတွင်း ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိပြီး ဒေသခံ အချို့လည်း အဖမ်းခံထားရကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

သကျက်တောကျေးရွာသည် ထားဝယ်မြို့မှ မိုင် ၃၀ ကျော်၊ လောင်းလုံးမြို့မှ ၁၇ မိုင်ခန့်ကွာဝေးပြီး ‌ထားဝယ်-ရှင်မော်ဘုရားသွားလမ်းပေါ်တွင် တည်ရှိသည်။ 

ရဲကင်းစခန်းပစ်ခတ်ခံရပြီးနောက် မေလ ၆ ရက် မိုးသောက်အချိန်တွင် ကဒက်ကြီး၊ ရေဖြူ၊ ညင်းမော် စသည့်ကျေးရွာဈေးတို့တွင် သေနတ်ခြောက်လှန့်ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများကဆိုသည်။ 

“မိုးသာထအချိန်( မိုးသောက်ချိန်) ဖြစ်နေတာဆိုတော့ ဘယ်သူပစ်တယ်ဆိုတာမသိဘူး။ သေနတ်သံကြားတယ်ဆိုတာနဲ့ ဈေးထဲကသူတွေကြောက်ပြီးပြေးကြတာပဲ” ဟု ကဒက်ကြီးရွာက ဈေးသည်တစ်ဦးက ပြောသည်။ 

ယင်းအတွက်ကြောင့် ဈေးတွင်ရောင်းချရန် ပြင်ဆင်ထားသည့် ဟင်းသီး၊ ဟင်းရွက်နှင့် သားငါးများကို ရွာထဲလှည့်လည်ပြီး လိုက်လံရောင်းချရတော့မည်ဖြစ်ကြောင်း ၎င်းဈေးသည်ကဆိုသည်။ 

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း မေလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ဆိုင်ကယ်၊ ကားများဖြင့် ပြည်သူများ ခရီးမသွားကြရန် အသိပေးထုတ်ပြန်ထားသည်။ 

ပြည်သူများ၏ လုံခြုံရေးအတွက် ယင်းသို့ထုတ်ပြန်ရခြင်းဖြစ်ပြီး မလိုက်နာပါက နောက်ဆက်တွဲဆိုးကျိူးကို တာဝန်ယူမည်မဟုတ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယနေ့ မနက်ပိုင်း လောင်းလုံးမြို့နယ်ရှိ ထားဝယ်- ရှင်မော်စေတီသွား ကားလမ်းမပေါ်တွင်မူ လူသွား၊ လူလာ နည်းပါးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။