မြိတ်စက်မှုဇုန်တွင် ယနေ့နေ့လယ်က ဗုံးပေါက်

0
482

မြိတ်မြို့၊အင်းလေးမြိုင်စက်မှုဇုန်အတွင်း ယနေ့(မေ ၅) ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် လမ်းသွားလမ်းလာများထံမှသိရသည်။

ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်က ဗင်းတေ့ကုမ္ပဏီအနောက်လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း၊ ဗုံးပေါက်သည့်အချိန် မိုးရွာနေကြောင်း ၎င်းတို့ကဆိုသည်။

“အသံလည်း တစ်အားမကြမ်းဘူး မီးခိုးလုံးကြီးတွေ ထွက်လာတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါဖောက်ခွဲမှုနှင့် ပတ်သက်ပြီး  မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရှိသေးပေ။

ဗုံးပေါက်သည့်အနီးအနားတစ်ဝိုက်တွင် ဘိလပ်မြေစက်ရုံ၊ ရေခဲစက်၊ ငါးအမှုန့်ကြိတ်စက်ရုံနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများရှိပြီး ခပ်လှမ်းလှမ်းတွင် မြိတ်မြို့နယ်ထွေအုပ်ရုံး( စုပေါင်ရုံး) နှင့် မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးလည်းရှိသည်။

ဗုံးပေါက်ကွဲပြီးနောက် နာရီဝက်အတွင်းစစ်ကောင်စီတပ်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ယခုညနေ ၆ နာရီခွဲတွင်လည်း ယင်းဗုံးပေါက်ရာနေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့ရသူများက ပြောဆိုသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရောက်ရှိနေသဖြင့် လုံခြုံရေး တိုးမြှင့်ထားသည့် မြိတ်မြို့တွင် မေလ ၃ ရက်နေ့ကလည်း ကမ်းနားလမ်းအပါအဝင် နေရာသုံးနေရာတွင် ဗုံးပေါက်ကွဲခဲ့သည်။