ပုလောမြို့အနီး ခရီးသည်တင်မှန်လုံကားနှစ်စီး ပစ်ခတ်ခံရ၍ သုံးဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ

0
704

ထားဝယ်မှ မြိတ်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားနှစ်စီး ဧပြီလ ၂၈ ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်တွင် ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း ယာဉ်မောင်းနှင့် အနီးဝင်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

ရွှေလီရတနာနှင့် ရတနာတိုး ခရီးတင်ကားကြီးနှစ်စီးသည် ပုလောမြို့အနီး သစ်လှတောရွာ (အရပ်အခေါ် ၅ မိုင်)အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ၎င်းတို့ထံမှ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသူ အမျိုးသားသုံးဦးသေဆုံး၍ ခရီးသည် ၂၀ကျော် ဒဏ်ရာ ရကြောင်း ပစ်ခတ်ခံရသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်ခု၏ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော့်ကားမှာ တစ်ယောက်သေတယ်။ နောက်ကားမှာ တစ်ယောက် သေတယ်။ ဆေးရုံရောက်ပြီးမှ တစ်ယောက် ထပ်သေတယ်။ အားလုံး သုံးယောက်။ အားလုံးပေါင်း လူနှစ်ဆယ်ကျော်လောက် ဆေးရုံတင်ထားရတယ် မြိတ်ဆေးရုံမှာ” ဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုမှာ မိနစ် ၂၀ ဝန်းကျင်ခန့်ကြာမြင့်ခဲ့ပြီး လမ်းအနီး တောအတွင်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တောအတွင်းမှ ပစ်ခတ်ခဲ့သည့်အတွက် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမူ မသိရကြောင်း ၎င်းက ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ရွှေလီရတနာကားမှာ ဦးခေါင်းပိုင်း မြောင်းအတွင်း ထိုးကျသွားကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

ပစ်ခတ်မှု မတိုင်မီ ညနေ ၄နာရီကျော်တွင် ယင်းနေရာ၌ ပစ်ခတ်သံများ ကြားခဲ့ရသော်လည်း အကြောင်းအရင်းကို အတိအကျမသိရှိရကြောင်း အနီးဝန်းကျင်က ဒေသခံများက ပြောသည်။