ပျူစောထီးခေါင်းဆောင်၏ညီမဖြစ်သူ အသတ်ခံရအပြီး NLD ပါတီဝင် နှစ်ဦး ပစ်သတ်ခံရ

0
263

လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးခေါင်းဆောင်၏ ညီမဖြစ်သူ ပစ်သတ်ခံရပြီးနောက် ယင်းနေ့ည ကိုးနာရီခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် ဦးဇော်၏ ညီမဖြစ်သူ ဒေါ်သန်းသန်းသက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းနေ့ညပိုင်းတွင် ယင်းရွာနေ NLD ပါတီဝင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း ယင်းနောက်အမျိုးသားတစ်ဦး ထပ်မံပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ကားတစ်စီးနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်နှိုးပြီးပစ်တယ်”ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်

ယင်းနေ့ည ပစ်ခတ်မှုမှာ ပျူစောထီးအဖွဲ့ဝင်အဖြစ်နာမည်ထွက်သူ ဒေါ်သန်းသန်းသက်(သေဆုံး)သူ ၏သား မောင်နိုင်လင်းအောင်ဦးဆောင်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများအကြား သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

“သူအမေလဲ မနက်ကပစ်ခံရလို့သေတယ် သူ့အမေလဲသေနတ်ကိုင်တယ်။ သူသားလည်းသေနတ်ကိုင်တယ်။ ရွာထဲမှာလည်း မကြာခဏသူတို့အုပ်စုနဲ့ အပေါင်းပါတွေပဲ အမြဲတမ်း သေနတ်ပစ်ဖောက်လေ့ ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းပစ်ခတ်ခံရမှုကြောင့် အသက် ငါးဆယ်ကျော်အရွယ်ရှိ ဦးကျော်ဌေးတွင် ဦးခေါင်းဒဏ်ရာ နှင့်အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဦးဖေသန်းမှာ ဝမ်းဗိုက်နှင့်ဆီးခုံများတွင် ဒဏ်ရာရကာ နေအိမ်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် အသက်ငါးဆယ်ကျော်အရွယ်ရှိ ကျေးနုပြင်ရွာသား ဦးဖေမော်သည်လည်း ထပ်မံပစ်ခတ်ခံရပြီး လည်ပင်းဒဏ်ရာဖြင့် ညတွင်းခြင်း ထားဝယ်ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်းသိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်း‌‌နောက်ထပ်မံ၍ အသက် သုံးဆယ်ကျော်အရွယ်ရှိ ကျေးရွာမီးလင်းရေးကော်မတီဝင်ဖြစ်သူ မောင်မောင် ဆိုသူ၏ အိမ်အား ထပ်မံ ဝင်ရောက်ရှာဖွေရာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

သေဆုံးသူများ၏ရုပ်အလောင်းများကို ဧပြီ ၂၉ (ယနေ့)မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထားဝယ်သို့သယ်ယူသွားပြီဟုသိရသည်။

“မိသားစုဝင်တွေလိုက်သွားတယ် ထားဝယ်မှာဘဲ့ သင်္ဂြိုလ်မယ်လို့ ဆိုတယ်”ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပျူစောထီးခေါင်းဆောင် ဦးဇော်၏ ညီမဖြစ်သူ သန်းသန်းသက်အား ကျေးရွာအတွင်းပြည်သူများကို သေနတ်ပြခြိမ်းခြောက်ကာ မတရားငွေကြေးကောက်ခံပြီး စစ်ကောင်စီအား ထောက်ပံ့ပေးနေမှုကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း Dawei Defense Team(DDT) ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မတ်လ ၂၈ ရက်မှ ဧပြီ ၂၈ နေ့ အထိတစ်လအတွင်း ယင်း ကျေးရွာတွင် ပျူစောထီးဟု နာမည်ထွက်သူသုံးဦး အသတ်ခံခဲ့ရသလို NLD ပါတီဝင် နှင့် တော်လှန်ရေးကို ထောက်ခံအားပေးသူ တစ်ဦးတို့လည်း ပြန်လည်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။