ထားဝယ် မဲချောင်းရွာအနီး တိုက်ပွဲဖြစ်၊ တိမ်းရှောင်နေရသည့်ဒေသခံများ စားသောက်ရေး အခက်ကြုံ

0
370

ထားဝယ် – ထီးခီးသွားလမ်းပေါ်ရှိ ထားဝယ်မြို့နယ် သဗျာကျေးရွာအုပ်စု မဲချောင်းရွာအနီး ရှစ်မိုင်လမ်းဆုံတွင် ‌ဧပြီလ ၂၆ ရက် ည ၇ နာရီခန့်က နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက လမ်းပိုင်းစစ်ဆေးမှုများဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့်ယာဉ်သုံးစီး စစ်ဆေးမခံဘဲ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းအတွက်ကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၄၀ ကြာ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီယာဉ်သုံးစီးအနက် နှစ်စီးပျက်စီးကာ တစ်စီးကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းထားသည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားနှစ်ဦးလည်း သေဆုံးပြီး အချို့ဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယင်း ထိခိုက်ပျက်စီး သေဆုံးမှုအခြေအနေကို Dawei Watch အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် ကျေးရွာတို့မှ ဒေသခံများမှာမူ ရွာတွင် ပြန်လည် မနေထိုင်ရဲကြသေးသဖြင့် နီးစပ်ရာကျေးရွာ ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေကြဆဲဖြစ်သည်။

ပကာရီရွာထိပ်ရှိ ရဲကင်းစခန်းကို PDF များက မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် ဧပြီလ ၂၅ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင်ရှာ ဒေသခံတို့မှာ ညတွင်းချင်း တိမ်းရှောင်လာကြခြင်းဖြစ်သည်။

လက်ရှိတွင် နေစရာအတွက် ဘုန်းကြီးကျောင်းတွင် အဆင်ပြေသော်လည်း စားစရာအတွက် အခက်အခဲဖြစ်နေကြောင်း ‌တိမ်းရှောင်နေရသည့် ဒေသခံအချို့က ပြောသည်။

“ကျွန်တော်တို့ရွာတွေမှာက နောက်ခံ (ငွေကြေး) အင်းအားတောင့်တဲ့သူက မရှိဘူးလေ။ လက်လုပ်၊ လက်စားတွေပဲ များတာကို။ အခုလိုတိုက်ပွဲတွေဖြစ်လာတော့ ပိုဆိုးတာပေါ့။ စုဆောင်းထားတာမရှိကြတော့ အခုဆိုရင် တစ်ယောက်မှာရှိတာ တစ်ယောက်မျှပြီး စားနေကြရတာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က မဲချောင်းနှင့် ပကာရီကျေးရွာနှစ်ခုအကြားရှိ မဲချောင်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး လမ်းသွား၊ လမ်းလာများကို တားဆီးစစ်‌ဆေးပြီးမှ သွားခွင့်ပေးကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ယင်းလမ်းပိုင်းတွင် တားဆီးစစ်ဆေးနေသည်ကို တစ်ခါတစ်ရံတွေ့ရလေ့ရှိကြောင်း ၎င်းက ပြောကြားသည်။

ယင်းအတွက်ကြောင့် အဆိုပါလမ်းပိုင်းနေရာတွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေရှိနေသဖြင့် ရွာသို့ ပြန်လည်သွားရောက် မနေထိုင်ရဲသေးကြောင်း ဒေသခံအချို့က ပြောသည်။

“နောက်ထပ်တိုက်ပွဲထပ်ဖြစ်ဖို့ကတော့ သေချာသလောက်ရှိတယ်။ အဲဒီတော့ ပိုစိုးရိမ်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတိုက်ပွဲစဖြစ်ခါစမှာတောင် စားရေးသောက်ရေးက အခက်အခဲဖြစ်နေပြီလေ” ဟု တိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများသည် အိုးအိမ်၊ အလုပ်အကိုင်များကို စွန့်ခွာပြီး ဘေးလွတ်ရာကို ရုတ်တရက် တိမ်းရှောင်ခဲ့ကြရသဖြင့် စာနပ်ရိက္ခာများ အခက်အခဲဖြစ်ရကြောင်း ပြောဆိုကြသည်။

“တချို့ကတော့ အိမ်ပြန်ပြီး ထမင်းချက်တဲ့သူ ချက်နေကြတယ်။ ပြီးရင်တော့ ဘေးကင်းရာပြန်လာနေကြ တာပေါ့။ ရွာထဲမှာဆို မနက်ပိုင်း ထမင်းချက်သွားတဲ့ လူတွေလောက်ပဲ ရှိတယ်။ ကျန်တဲ့အချိန်ဆို ဘယ်သူမှ မရှိတော့ဘူး။ နေလို့ မရဲကြတော့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ရွာထဲတွင် လူမရှိ ဈေးရောင်းသူ မရှိတော့သည့်အတွက် အစားအသောက် ဝယ်ယူရန်လည်း အခက်အခဲရှိကြောင်း ပြောဆိုကြသည်။

ဧပြီလ ၂၅ ရက်ညက ပကာရီကျေးရွာအနီး တောတောင်အတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သည့် အချိန်မှစပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။