ပုလောတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီး ကားနှစ်စီးပျက်စီးဟုဆို

0
297

မြိတ်ဘက်မှ ပုလောဘက်သို့ လာသည့် စစ်ကောင်စီတပ် ကားတန်း ဧပြီလ ၂၆ ရက်နေ့ ည ၈နာရီခွဲ ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး ပျက်စီးကြောင်း ပုလောဒေသခံများထံမှ သိရသည်။

ပုလော-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ် သင်္ကန်းတောရွာအဝင် မှော်ကွေ့တွင် ပေါက်ကွဲသံနှစ်ချက် စတင်ကြားခဲ့ရပြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားရကြောင်း ဒေသခံများက ပြောသည်။

“ဂျိမ်း… ဂျိမ်း ဆိုပြီး နှစ်လုံးစကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ဆက်တိုက်ကြား ရတာပဲ” ဟု သင်္ကန်းတောရွာနေ အမျိုးသားတစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သင်္ကန်းတော၊ ကဒဲ၊ ပဝတ်ကုန်း၊ မင်းထိန်၊ ခမောင်းတော စသည့် ကျေးရွာများ တောက်လျှောက် ပစ်ခတ်မောင်းနှင်သွားကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောသည်။

“တစ်ညလုံး ပစ်နေကြတာ။ ၁၂ နာရီလောက်မှ အသံစဲသွားတယ်” ဟု ကဒဲကျေးရွာမှ အမျိုးသားက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သင်္ကန်းတောရွာအဝင်တွင် စစ်ကောင်စီတပ် ကားနှစ်စီး ပက်လက်လန် နေသည်ကို တွေ့ရပြီး ထိခိုက်ဒဏ်ရာရ၊ သေဆုံးသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်သားအချို့ကို ကားပေါ်တင်ဆောင်သွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ထိခိုက်မှုများနှင့် ပတ်သက်၍မူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

မိုင်းဆွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုလည်း မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ကဒဲရွာနှင့် ပဝတ်ကုန်းရွာအကြား ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ယင်းတိုက်ခိုက်မှုကိုမူ ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားနှစ်စီး မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးကြောင်း ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။