ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

0
231
ဓာတ်ပုံ- Bangkok Post

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ ဦးကို ဧပြီလ ၂၆ရက်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။

ပစ်ကပ်ကားနှစ်စီးကို Lat Bua Luang ခရိုင်တွင် တားဆီးစစ်ဆေးရာမှတစ်ဆင့် အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားနှစ်ဦးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကားမောင်းသမားနှစ်ဦးကို စစ်ဆေးရာတွင် မြန်မာလုပ်သား ၁၅ ဦးကို စူဖန်ဘူရီမြို့မှတစ်ဆင့် စမုတ်ပရကန်သို့ တစ်ဦးလျှင် ဘတ် ၇၀၀ ဖြင့် ပို့ဆောင်ရမည်ဟု ထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကျန်မြန်မာလုပ်သား ၁၅ ဦးကိုမူ မနိုရွန်ခရိုင်မှတစ်ဆင့် ပထုန်ဌာနီ၊ စမုတ်စခွန်၊ ချွန်ဘူရီ၊ ရတ်ခ်ျဘူရီမြို့များသို့ ပို့ဆောင်ရမည်ဖြစ်ပြီး ခရီးစဉ်ပေါ်မူတည်၍ တစ်ဦးလျှင် ဘတ် ၁၀၀၀ မှ ၂၀၀၀ ကြား ရရှိထားသည်ဟုလည်း ထွက်ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းနယ်စပ်မှ သွားမည့်နေရာများသို့ ပို့ဆောင်ရန် စီစဉ်ပေးသော ပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၆,၀၀၀ မှ ၂၀,၀၀၀ စီ ပေးဆောင်ခဲ့ရသည်ဟု မြန်မာလုပ်သားများက ထွက်ဆိုသည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းလာခြင်းနှင့် လုံခြုံမှုမရှိခြင်း တို့ကြောင့် မြန်မာနိုင်ငံသားများမှာ ထိုင်းသို့ တရားမဝင်သွားရောက်မှုများ မြင့်တက်နေဆဲဖြစ်သည်။

ကိုးကား/ဓာတ်ပုံ- Bangkok Post