ခယောင်းလမ်းပေါ်က ဥယျာဉ်မှူးများ

တနင်္သာရီတိုင်းက ကျောင်းဆရာ၊ ဆရာမ သပိတ်စစ်ကြောင်း တစ်ခု။
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ထိုင်းမှာနေရင် ကိုယ်ပြန်လုပ်ပေးနိုင်တာ အများကြီးပဲ။ မြန်မာပြည်မှာနေရင် ဘာမှ လုပ်ပေးမနိုင်ဘူး။ ငါရအောင်သွားမယ်ဆိုပြီးတော့ အိမ်မပြန်ဘဲဆက်သွားခဲ့တာ” ဟုဆိုလာသူက CDM ကျောင်းဆရာမလေး မိုးကျမေ (အမည်လွှဲ) ဖြစ်သည်။

မိဘများမရှိတော့သဖြင့် အဒေါ်မိသားစုဖြင့် အတူနေထိုင်သူ မိုးကျမေနှင့်သူ့ညီမမှာ အတူနေမိသားစုနှင့် ရပ်ရွာနေသူအများစုက စစ်တပ်ထောက်ခံသူများဖြစ်သဖြင့် ရွာတွင်ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့်အဆုံး ထိုင်းနိုင်ငံသို့ထွက်ခွာရန် ဆုံးဖြတ်လိုက်ရသည်။

လက်ထဲတွင် ပိုက်ဆံကမရှိ၊ ထိုင်းသို့ထွက်ရန်အတွက် ကျပ် ၁၅ သိန်းပေးရမည်ဆိုသဖြင့် နီးစပ်ရာများကို အကူအညီတောင်းကာ ပိုက်ဆံလိုက်ချေးရသေးသည်။ ၂၀၂၁ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်တော့ ထိုင်းသို့တောလမ်းမှနေ၍ စတင်ထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်။

“တောကြိုတောင်ကြား ဖြတ်ရတယ်။ စစ်မြေပြင်မှာလိုပဲ ပုန်းလျိုးကွယ်လျိုးသွားရတယ်။ လယ်ကွင်းပြင်ကြီးကို ကုန်းကုန်းပြီး ဖြတ်ရတယ်။ လကလဲ သာနေတော့ နယ်ခြားစောင့်တွေလည်း မြင်နေတယ်။ ထိုင်းရဲက ဆလိုက်မီးတွေနဲ့ ထွန်းပြီး တစ်ခုခုအော်လိုက်တယ်။ ထိုင်းလိုနဲ့ ပြေးဆိုလားမသိဘူး။ ကျွန်မမှာ ကျောပိုးအိတ်တစ်လုံးနဲ့ ဆိုတော့ သိပ်ပြေးမနိုင်ဘူး။ လူများပြေးကြတော့ ကျွန်မကို တိုက်လှဲခဲ့တာ ထပြေးမနိုင်တော့ဘူး။ အဲဒီမှာ ကျွန်မတို့ကို ထိုင်းရဲတွေမိသွားတယ်” ဟုသူမကဆိုသည်။

CDM ဝန်ထမ်းများမှာ နွေဦးတော်လှန်ရေးတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းပြီးစချိန်တွင် အားကောင်းသည့် CDM လှုပ်ရှားမှုကို စစ်ကောင်စီက မမျှော်လင့်ဘဲ ရင်ဆိုင်လိုက်ရပြီး အုပ်ချုပ်ရေးယန္တရားကို ပြန်လည်တည်ဆောက်နိုင်စွမ်း မရှိသဖြင့် နွေဦးတော်လှန်ရေး အရှိန်ကျသွားစေရန် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းကြောင့်ပင် နွေဦးတော်လှန်ရေးမှာ အရှိန်အဟုန် ကောင်းစွာဖြင့် စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နိုင်ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် တနင်္သာရီတိုင်းမှ ဆရာ၊ ဆရာမများ အများဆုံး ပါဝင်ပြီး ထားဝယ်မြို့တွင် အင်ဂျင်နီယာစစ်ကြောင်းနှင့် ပညာရေးသပိတ်စစ်ကြောင်းမှာ ထင်ရှားသည်။

စစ်တပ်အာဏာမသိမ်းခင်က တနင်္သာရီတိုင်းတွင် အခြေခံပညာ ဆရာ၊ ဆရာမ တစ်သောင်းငါးထောင်ကျော် ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်တွင် CDM ပြုလုပ်သည့် ဆရာ၊ ဆရာမ ၇၀၀၀ ကျော်ရှိသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က တနင်္သာရီတိုင်းတွင် ကျောင်းတက်သူ သုံးသိန်းတစ်သောင်းကျော် ရှိပြီး စစ်အာဏာသိမ်းကာလတွင် ကျောင်းတက်သူ ခုနှစ်သောင်းကျော် (၇၈၂၃၀ ဦး) သာရှိသည်။ သင်ကြားရေးဆရာမ ၆၆၀၀ ကျော်ဖြင့်သာ လည်ပတ်နေရသည်။

CDM ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများမှာ အာဏာသိမ်းကာလ အခက်အခဲများကို ၎င်းတို့ဘာသာ ဖြေရှင်းကျော်လွှားခဲ့ကြပြီး တော်လှန်ရေးအင်အားစုများနှင့် NUG အစိုးရကိုပင် ငွေပြန်လှူနေကြသည်ဟု ထားဝယ်မြို့မှ CDM ဆရာမ အချို့က ပြောဆိုသည်။

တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ CDM ဝန်ထမ်းများကို စစ်ကောင်စီကဖမ်းဆီးခြင်း၊ နိုင်ငံတော်ပုန်ကန်မှုဖြင့် အဓမ္မတရားစွဲဆို ထောင်ချခြင်းများ ဆက်တိုက်ပြုလုပ်လာသည်။

ယင်းကြောင့် CDM အချို့မှာ စိတ်မပါသော်လည်း စစ်ကောင်စီ၏ ဌာနများတွင် အလုပ်ပြန်ဝင်လုပ်ရခြင်းများရှိပြီး အများစုမှာမူ စစ်ကောင်စီလက်မှ လွတ်မြောက်စေရန် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ထွက်ပြေးတိမ်းရှောင်ကြရသည်။

ထိုင်းနိုင်ငံသို့ တောလမ်းမှထွက်ပြေး တိမ်းရှောင်သူများတွင် အချို့မှာအဆင်ပြေပြေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိကြသော်လည်း အချို့မှာမူ တောလမ်းတွင် အခက်အခဲများစွာ ကြုံတွေရခြင်း၊ ပွဲစားလိမ်လည်ခံရခြင်း၊ ထိုင်းရဲကဖမ်းဆီးမိသဖြင့် မြန်မာနယ်စပ်သို့ပြန်ပို့ခြင်းတို့ ကြုံတွေ့ခဲ့ကြရသည်။

မိုးကျမေတို့ညီအစ်မမှာ မောတောင်နယ်စပ်သို့ ပြန်ပို့ခံရသော်လည်း အသိမိတ်ဆွေများထံမှ ကျပ် ၁၅ သိန်း ချေးကာ ထွက်ခွာလာရခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံ မပြန်လိုတော့ဘဲ ပွဲစားဖြင့်ပြန်ချိတ်ကာ ထိုင်းနိုင်ငံသို့ ထပ်မံထွက်ခွာခဲ့ကြသည်။

လက်ရှိတွင် ညီအစ်မနှစ်ယောက်မှာ မဟာချိုင်ရှိ ဖိနပ်စက်ရုံတစ်ခုတွင် တစ်ရက်ဘတ် ၃၂၀ ဖြင့် အလုပ်လုပ်နေပြီဖြစ်သည်။

ထားဝယ်မြို့မှ အထက်တန်းပြ ဆရာမ မမွန်မှာလည်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် မေလ ၁၉ ရက်နေ့တွင် ၅၀၅ (က) (နိုင်ငံတော်အကြည်ညိုပျက်စေမှု) ဖြင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။

ယင်းကြောင့် နေအိမ်ပြန်မရတော့ဘဲ ပြည်တွင်းရှိ အသိမိတ်ဆွေများထံလှည်ပတ် နေထိုင်ခဲ့သည်မှာ ၈ လကြာခဲ့ပြီဖြစ်သည်။

သို့သော် စားဝတ်နေရေးနှင့် လုံခြုံရေးအခြေအနေကြောင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန် ခက်ခဲလာသဖြင့် ယခုနှစ်ဆန်းတွင် ထိုင်းနိုင်ငံသို့ တောလမ်းမှတစ်ဆင့်ထွက်ခွာခဲ့သည်။

“အခက်အခဲတွေကတော့ ပြောပြလို့မကုန်နိုင်အောင်ပဲ။ ညလုံးပေါက် ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်ခဲ့ ရတယ်။ ချောက်ထဲချော်ကျသွားနိုင်တဲ့ တောင်တက်လမ်းမကြီးကို ၅ နာရီဆက်တိုက် တက်ခဲ့ရတာ။ ၈ ရက်ကြာအောင် တောတောင်ထဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ ခိုအောင်းပြီး ခရီးဆက်ခဲ့ရတာ” ဟု ကျောင်းဆရာမလေး မမွန်က ပြန်ပြောင်းပြောဆိုသည်။

ဆယ်ယောက်ကျော်ပါသည့် ၎င်းတို့အုပ်စုမှာ ၈ ရက်ကြာခရီးကြမ်းနှင်ပြီးနောက်တွင် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ကြောင်း သို့သော် တစ်လကျော်ကြာသည်အထိ အလုပ်မရသေးကြောင်း သူမကဆိုသည်။

မိုးကျမေကလည်း “အလုပ်မရှိရင် ဒီနိုင်ငံမှာ အဆင်မပြေဘူး။ အသက်ရှင်ရပ်တည်ဖို့ မလွယ်ဘူး။ တချို့ ပွဲစားတွေဆို ပုလိပ်ကိုခေါ်ပြီး လက်ညှိုးထိုးတာတွေလည်းရှိတယ်။ အလုပ်ထဲမှာလည်း လူပေါင်းစုံရှိတယ်ဆိုတော့ အဆင်မပြေမှုတွေ နှိပ်ကွပ်ခံရတာတွေကြောင့် ငိုရတာလဲ ခဏခဏပဲ” ဟု ဆိုသည်။

ထိုင်းစကားမတတ်သော မြန်မာဘွဲ့ရပညာတတ်များမှာ အလုပ်ရွေးချယ်စရာ များများစားစားမရှိလှ။ သူတို့အတွက် မျှော်မှန်းနိုင်သည်က တစ်ရက်ဘတ် ၃၀၀ ဝန်းကျင် (ကျပ် တစ်သောင်းခြောက်ထောင်ခန့်) ရမည့် ကာယအားပြုလုပ်ရသော အလုပ်ကြမ်းများသာ ဖြစ်သည်။

ထိုင်းနိုင်ငံသို့ရောက်လာသော်လည်း အခက်အခဲများ ပြေလည်သွားသည်မဟုတ်ဘဲ မတူညီသည့် အခက်အခဲများစွာကို ထပ်မံကြုံတွေ့ရကြောင်း ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပင်လယ်ဖြတ်ကာ စက်လှေဖြင့် ထွက်ခွာလာခဲ့သည့် ထားဝယ်မြို့မှ အသက် ၃၁ နှစ်အရွယ် မူလတန်းပြ ဆရာမ မပန်း (အမည်လွှဲ) က ဆိုသည်။

“ပြည်ပမှာလည်း ဒုက္ခဖြစ်နေသူတွေကများတယ်။ အလုပ်အဆင်မပြေသူတွေလည်း ရှိတယ်။ ထိုင်းမှာလည်း လူခံကောင်းမှ ရတယ်။ အလုပ်ရှာတာ ပွဲစားခ ဘတ် ၃၀၀၀ ပေးရတယ်။ ဟိုရောက်တော့ အထည်စက်ရုံမဟုတ်ဘဲ အမှိုက်စက်ရုံဖြစ်နေတယ်။ ဆရာမတွေက မလုပ်နိုင်တော့ တစ်ယောက်ကို ဘတ်ငါးထောင်နဲ့ လာရွေးခိုင်းတယ်” ဟု ၎င်းကရှင်းပြသည်။

ထိုင်းရောက် ဆရာ၊ ဆရာမအဖွဲ့က ထိုင်းနိုင်ငံကို ရောက်လာသည့် CDM ဆရာ၊ ဆရာမများကို ဖေးမကူညီပြီး အလုပ်အကိုင်များ ရှာဖွေပေးနေကြောင်း ယင်းအဖွဲ့တွင်ပါဝင်သူ တစ်ဦးလည်းဖြစ်သည့် မပန်းကဆိုသည်။

NUG (အမျိုးသားညီညွတ်ရေး ၏အစိုးရ) ၏ အစီအစဉ်ဖြင့် ပြည်သူများထံမှ အလှူခံရငွေအချို့ကို CDM ထောက်ပံ့မှုအတွက် သုံးသည်ဟုသိရသော်လည်း အထောက်အပံ့မရသူများ များစွာရှိနေသေးသည်။ အချို့မှာ တစ်ကြိမ်ခန့်သာရပြီး ထပ်မရကြဟုဆိုသည်။

CDM လုပ်သည့်တစ်နှစ်ကျော်ကာလအတွင်း ကျပ်ငါးသောင်း တစ်ကြိမ်သာရဖူးကြောင်း မမွန်ကဆိုသလို မိုးကျမေကလည်း တစ်ကြိမ်မှ မရဘူးကြောင်းပြောဆိုသည်။

အချို့မိတ်ဆွေ CDM ကျောင်းဆရာ/ဆရာမ အချို့မှာ ကျပ်သုံးသောင်း၊ ကျပ်ငါးသောင်းရသည်ကို ကြားသိရပြီး ကျန်းမာရေးမကောင်းသူများဆိုပါက ကျပ်တစ်သိန်းအထိရသည်ကို သိရကြောင်း တနင်္သာရီတိုင်းအတွင်းမှ CDM ဆရာမများထံမှသိရသည်။

တစ်နှစ်ကျော်ကာလတွင် CDM ထောက်ပံ့မှုတစ်ကြိမ်မှ မရသူများရှိသလို သုံးကြိမ်အထိရသူများလည်း ရှိသည်ဟု ၎င်းတို့ကဆိုသည်။

သို့သော် ၎င်းတို့ CDM ဆရာ၊ ဆရာမများကို လှူခြင်းထက် တောထဲတွင် အသက်စွန့်ကာ လက်နက်ကိုင် တိုက်ပွဲဝင်နေသူများအတွက်သာ ယင်းငွေများကို သုံးစေချင်ကြောင်း ဆိုကြသည်။

ယခုထိုင်းနိုင်ငံတွင်ရောက်ရှိကာ အလုပ်လုပ်ကိုင်နေရသော်လည်း မြန်မာနိုင်ငံအာဏာရှင်စနစ်အောက်မှ လွတ်မြောက်စေရန်သာ မျှော်လင့်ကြောင်း CDM ဆရာမများက ပြောဆိုသည်။

အခက်အခဲများစွာအကြားမှ အလုပ်လုပ်ပြီး တတ်နိုင်သ၍လည်း တော်လှန်ရေးကို ပံ့ပိုးသွားရန် ကြိုးစားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အဓိကတော့ အဲဒီလိုဖြစ်ရတာ ခေတ်ဆိုးစနစ်ဆိုးကြောင့် ဖြစ်ရတာ။ ကျွန်မတို့ ဒီစနစ်ဆိုးကြီးတွေ ချေဖျက် ပြီးသွားရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်မယ်” ဟု မိုးကျမေက ဆိုလိုက်သည်။