၀မ်းရေးအတွက် နှစ်ဘီးတည်းဖြင့် မလောက်တော့ပါ

0
482
မြိတ်မြို့တွင်း မြိတ်ကမ်းနားလမ်းး ရပ်ကွက်တစ်ခုအတွင်း ကတက္ကစီဆိုင်ကယ်တစ်စီးအား တွေ့ရစဉ်/Dawei Watch

ဆိုင်ကယ်တက္ကစီမောင်းတဲ့ ဉီးလှိုင် တစ်ယောက် ဝင်ငွေထိုးကျနေတာ ကြပါပြီ။ ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက တစ်နေ့တစ်ခြား ဝင်ငွေထိုးကျလာတာ အခုဆိုရင် သူ့ဝင်ငွေဟာ အရင်ရနေတာနဲ့စာရင် သုံးပုံတစ်ပုံသာကျန်ပါတော့တယ်။

ကိုဗစ်မဖြစ်ခင်က တစ်နေ့ ငွေတစ်သောင်းကျော် ပုံမှန်ရခဲ့ပေမယ့် ခုဆိုရင် ပိုက်ဆံငါးထောင် ရဖို့ဆိုတာ အနိုင်နိုင်ပါပဲလို့ မြိတ်မြို့မှာ ပုံမှန် ဆိုက်ကယ်ဆွဲတဲ့ ဦးလှိုင် ကပြောပါတယ်။

“ဒီလောက်ရဖို့ကို မနက်အစောကြီး သူများအိပ်ကောင်းတုန်း ထဆွဲရတာ။ ကိုယ့်ထက် အရနည်းတဲ့သူတွေ တစ်ပုံကြီးရှိတယ်” လို့ အသက် ၆၀ ဇရာ အရွယ် ဝင်ရောက်လာနေပြီဖြစ်တဲ့ သူကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း မြိတ်မြို့မှာ ဇူလိုင်လအထိ ကိုဗစ်ကပ်ရောဂါဖြင့် သေဆုံးတဲ့သူ နေ့စဉ်နှစ်ဦးသုံးဦး ပုံမှန်ရှိခဲ့ရာမှ သြဂုတ်လ ပထမပတ်ကစပြီး သေဆုံးသူ ဆယ်ဂဏန်းအထိ ခုန်တက်လာခဲ့ပါတယ်။

အဲဒါကြောင့် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း၊ ဈေးများကို နေ့တဝက်သာ ရောင်းချစေခြင်းတို့ကို သက်ဆိုင်ရာ အာဏာပိုင်များက ကြပ်မတ် ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရန်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်နှုန်းသာ ထွက်ခွာသွားလာခွင့် ကတ်ပြားကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ထုတ်ပေးထားပါတယ်။

ဒါတင်မကသေး လမ်းဆုံလမ်းခွနေရာ တော်တော်များများမှာ လမ်းသွားလမ်းလာများအား ကိုဗစ်စစ်ခြင်းတွေကို ဆက်တိုက် ပြုလုပ်နေကြပါသေးတယ်။

စက်တင်ဘာလမှာတော့ မြိတ်မြို့မှာ ကိုဗစ်ကူးစက်သူနည်းလာသလို သေဆုံးမှုလည်း သိသိသာသာလျော့ကျလို့လာပါတယ်။

မြို့ပေါ်မှာ လျော့ကျလာတယ်ဆိုပေမယ့် ကိုဗစ်ဟာ မြိတ်ခရိုင်အတွင်းက တောရွာတွေနဲ့ ပင်လယ် ရွာတွေမှာ တစ်ဖန် ခေါင်းထောင်လာပြန်ပါတယ်။

ရွာတွေမှာ ကိုဗစ်ခေါင်းထောင်လာပြီးနောက် နေ့စဉ်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေ၊ ခရီးသည်လှေတွေဟာ နေ့စဉ်မလာကြတော့ဘဲ ခုနှစ်ရက်တပတ်လုံးမှ တစ်ခေါက်သာလာကြတော့တယ်လို့ တက္ကစီမောင်းသူတွေကပြောပါတယ်။

“အမြန်ယာဉ်တွေလည်း ပိတ်ထားတော့ ခရီးသည်မရတဲ့အပြင် ရွာတွေဖက်ကလှေတွေလာပြန်တော့လည်း ကုန်ပဲလာတင်တာ ခရီးသည်က တစ်ယောက်စနှစ်ယောက်စပဲ ပါလာတယ်” လို့ အသက် ၃၀ အရွယ် တက္ကစီမောင်းတဲ့ ကိုအောင်ကို ကပြောပါတယ်။ အခုတော့ ကျွန်းစုကို အမြန်ယာဉ်တွေ ပြန်ထွက်နေပါပြီ။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးပဋိပက္ခတွေ မဖြစ်ခင်အချိန်က ကိုအောင်ကိုရဲ့ ဝင်ငွေဟာလည်း တစ်နေ့ကို တစ်သောင်းပတ်ဝန်းကျင်မှာ ရှိခဲ့ပေမယ့် ခုချိန်မှာတော့ သုံးထောင်တောင်ရဖို့ အနိုင်နိုင်ရယ်လို့ သူက ဆိုပါတယ်။

“မိန်းမနှင့် မိသားစုထောက်ပံ့ရမယ်ဆိုရင်မလွယ်ဘူး ထမင်းငတ်ဖို့ပဲရှိတယ်”လို့ တစ်ကိုယ်ရေတကာယသမား လူပျိုကြီးဖြစ်တဲ့ ကိုအောင်ကို ကရယ်ရင်းပြောပါတယ်။

စက်တင်ဘာလမှစတင်ပြီး လောင်စာဆီဈေးနှုန်းတစ်ရိပ်ရိပ် မြင့်တက်လာရာမှ စက်တင်ဘာလကုန်ခါနီးတွင်တော့ လောင်စာဆီဈေးဟာ ရုတ်တရက်ထိုးတက်လာတာကြောင့် လောင်စာဆီနှင့်လုပ်ကိုင်ရတဲ့ လုပ်ငန်းအားလုံးနီးပါးထိခိုက်ရသလို အောက်ခြေ တက္ကစီမောင်းတဲ့လုပ်ငန်းလည်း ထိခိုက်လာတာကြောင့် တက္ကစီမောင်းသူတွေက ညည်းတွားနေကြပါတယ်။

“ခရီးသယ်အများစုက သူတို့ပေးနေကျထက် ပိုမပေးချင်ကြဘူး။ တချို့နားလည်သူကျတော့သိတယ်ပေးတယ် မလိုက်ဘဲ နေလို့လည်းမရ၊ ဆိုင်ကယ်လည်းနာ၊ လူလည်းပန်း။ ဒီလိုပဲ အခြေအနေကြည့်ပြီး လုပ်နေရတယ်” လို့ ဦးလှိုင် ကညည်းပါတယ်။

ဓါတ်ဆီတစ်လီတာကို ယခင်က ခုနှစ်ရာ ရှိရာမှ ယခုအခါ ထက်ဝက်ဈေးတက်သွားပြီး တစ်လီတာ တစ်ထောင့်ငါးရာဖြင့် ဝယ်ယူနေရကြောင်း တက္ကစီမောင်းသူတွေက ပြောပါတယ်။

ဒါ့အပြင် မြို့တွင်းမြို့ပြင်လမ်းတွေ၊တံတားတွေမှာ ရဲနှင့်စစ်သားတွေက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ စစ်ဆေးမှုတွေ နေ့စဉ်ပြုလုပ်နေတာကြောင့်လည်း လူတွေဟာမလိုအပ်ဘဲ အသွားအလာမလုပ်ကြတဲ့အတွက် တက္ကစီတွေ မဆွဲရတော့ပါဘူးလို့ ဦးလှိုင် ကပြောပြပါတယ်။

“အရင်တုန်းကတော့ နေ့နေ့ညည လွတ်လွတ်လပ်လပ် သွားချင်သလိုသွားလို့ရတယ်လေ။ အခုက နေ့ခင်းတောင် ကပ်ပြားနဲ့တစ်အိမ်တစ်ယောက်နှုန်းပဲ ထွက်ရတယ်ဆိုတော့ တက္ကစီစီးသူက ဘယ်လာဦးမလဲ” လို့ ၎င်းကပြောပါတယ်။

ဒါ့အပြင် ခေတ်ကာလအနေအထားကြောင့် တက္ကစီဆွဲရာမှာ အရင်လိုခရီးဝေးကို မလိုက်ရဲတော့ဘဲ မြို့တွင်းမှာပဲ လှည့်ပတ်ဆွဲနေရပြီး လူစိမ်းတွေ လာစီးပြီး အစစ်အဆေးခံရချိန် ရင်တထိတ်ထိတိနဲ့ မောင်းနေရပါတယ်လို့လည်း သူကဆိုပါတယ်။

“ကိုယ်တင်လာတဲ့သူက ဘယ်သူဘယ်ဝါမှန်းမသိဘူးဆိုတော့ သူတို့ကြောင့်ကိုယ်ပါ ပြဿနာတက်မှာလည်း ကြောက်ရသေးတယ်”လို့ ဦးလှိုင် ကပြောပါတယ်။

ဆိုင်ကယ်တက္ကစီဆွဲတာ တစ်ခုတည်း စားဝတ်နေရေးမဖူလုံလို့ သူတို့ရဲ့ ဇနီးသည်နှင့် မိသားစုဝင်တချို့ဟာ ခေါင်းရွက်ဗျတ်ထိုး လက်လုပ်မုန့် ရောင်းချလာကြသူတွေလည်း ရှိလာတယ်လို့ တက္ကစီမောင်းသူ အသိုင်းအဝိုင်း ထံကသိရပါတယ်။

ရပ်ကွက်အတွင်း သံတိုသံစ၊ ဘူးခွံပုလင်းခွံဝယ်သူတွေ၊ လက်လုပ်မုန့်မျိုးစုံရောင်းချသူတွေ၊ အခြားသားငါး လှည့်လှည်ရောင်းချသူတွေ ယခင်ကထက် သုံးလေးဆလောက် ပိုပြီးများလာတယ်လို့ မြိတ်မြို့၊ မြို့သစ်ရပ်မှာ နေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးကပြောပါတယ်။

သူမဟာလည်း တတိယလှိုင်းမတိုင်မီက နေ့တိုင်းနီးပါး တက္ကစီစီးပြီး ဈေးသွားနေသူတစ်ယောက်ဖြစ်ပေမယ့် ကိုဗစ်ပိုးကူးခံရမှာကို ကြောက်တဲ့အတွက် မသွားဖြစ်တာကြာပါပြီ။ အိမ်လမ်းမှာ နေ့တိုင်းလာရောက်ရောင်းချတဲ့ ဆိုင်ကယ်ဘေးတွဲ ဈေးပြေးသည်ဆီမှာပဲ ဝယ်ယူ စားသောက်နေတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လောင်စာဆီ၊ စားဆီအပါအဝင် အခြေခံစားသောက်ကုန်အားလုံးဟာ ဈေးနှူန်း အဆမတန်မြင့်တက်လာတာကြောင့် စိုးရိမ်ပူပန်မှုနှင့် မြိတ်မြို့၊ မြို့သစ်ရပ်နေ သားသမီးသုံးယောက်ရှိ အခြေခံလူတန်းစား အိမ်ရှင်မကညည်းပါတယ်။

“အာဏာမသိမ်းခင်က ပဲလုံးဆီတစ်ဘူး တစ်ထောင့်ရှစ်ရာဝယ်သုံးရတယ်။ အခုကတစ်ဘူး သုံးထောင့်ရှစ်ရာ ကြာရင်တစ်တိုင်းပြည်လုံးငတ်ပြီး သေမလားမသိဘူး”

ကိုဆန်း