ရေးတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိရောက်

0
211

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မဟာဓာတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီများက လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏီ လျှပ်စစ်ဖြန့်ဖြူးရေးမရောက်သည့် ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။

လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာများတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၈၀၀ မှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားကြောင်း မီးသုံးစွဲသူများထံမှ သိရသည်။

“ရွာမှာက ကုမ္ပဏီက ဖြန့်ဖြူးတဲ့ မီးမရောက်ဘူး၊ ရွာက ကိုယ်ထူကိုယ်ထနဲ့ သွယ်ထားတဲ့မီး၊ အခုဆို‌ဈေးတွေ တက်တော့ စက်တင်ဘာလကစပြီး တစ်ယူနစ် ၁၀၀၀ ဈေးတက်သွားတယ်” ဟု ရေးမြို့နယ် အာယုတောင်ကျေးရွာ‌နေသူတစ်ဦးက ပြောသည်။

ထို့အတူ ပုဂ္ဂလိက ကုမ္ပဏီများမှ ဖြန့်ဖြူးပေးနေသည့် ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၆၀၀ ကောက်ခံနေရာမှ အောက်တိုဘာလမှစပြီး တစ်ယူနစ် ကျပ် ၈၀၀ အထိ တိုးမြှင့်ကောက်ခံရန်ရှိသည်ဟု ရေးမြို့ မီးလင်းရေးကော်မတီထံမှ သိရသည်။

“မီတာခကတော့ ကျွန်တော်တို့ ဒီဇယ်ဈေး အတက်အကျအပေါ် မူတည်တာပေါ့။ ဒီဇယ်ဈေးကျရင် မီတာခ ပြန်ချတယ်၊ ဒီဇယ်ဈေးတက်ရင် မီတာခ တိုးကောက်တယ်” ဟု ရေးမြို့ မီးလင်းရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ဒီဇယ်ဈေးမှာ ၂၂၀ လီတာဝင် တစ်ပီပါလျှင် ကျပ် ၂၂၀၀၀၀ ဝန်းကျင်ရှိရာမှ စက်တင်ဘာလအတွင်း တစ်ပီပါ ကျပ် ၃၀၀၀၀၀ ကျော်အထိ ဈေးတက်သွားသည်ဟု မီးလင်းရေးကော်မတီများထံမှ သိရသည်။

လျှပ်စစ်မီတာခ ဆက်တိုက်မြင့်တက်လာသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း ရေးမြို့ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြား အစိုးရ ကုမ္ပဏီတို့နှင့် ညှိနှိုင်း သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းမြင့်တက်လာခဲ့သည့် ဒီဇယ်ဈေးကြောင့် မီတာခ တစ်ယူနစ် ၄၅၀ မှ တဖြည်းဖြည်း မြင့်တာလာခဲ့ရာ ယခုအခါတစ်ယူနစ် ကျပ် ၈၀၀/၁၀၀၀ အထိ ရောက်သွားခြင်း ဖြစ်သည်။