မြိတ်ခရိုင်တွင် နှစ်ပတ်အတွင်း ဒလန်ဟုနာမည်ထွက်သူ သုံးဦး အသတ်ခံရ

0
191

မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် နှစ်ပတ်အတွင်း ဒလန်ဟုနာမည်ထွက်သူသုံးဦး အသတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာက ဒလန်ဟုနာမည်ထွက်သူ ဦးငြိမ်းချမ်းအောင်ဆိုသူကို မတ်လ ၂၅ ရက်နေ့က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း ယင်းရွာဒေသခံ အချို့က ပြောသည်။

ဦးငြိမ်းချမ်းအောင်ကို တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအဖွဲ့ (SWDF) က သတ်ဖြတ်ခြင်းဖြစ် ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းမှာ စစ်ကောင်စီအား သတင်းပေးနေသူ၊ ရိက္ခာထောက်ပံ့နေသူဖြစ်ပြီး ဆက်လက် မလုပ်ဆောင်ရန် အကြိမ်ကြိမ်သတိပေးသော်လည်း မလိုက်နာသဖြင့် ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမြို့နယ် အရှေ့မော်တုံးကျေးရွာက ဒလန်ဟု နာမည်ထွက်သော ဦးစောထွဋ်ဆိုသူလည်း မတ်လ ၁၇ ရက် ည ၈ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း ရွာသားများထံမှ သိရသည်။

၎င်းကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့(TYF-PDF) က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ ည ၆ နာရီခန့်က ဒလန်ဟုနာမည်ထွက်သူ ဉီးမြင့်ဇော်နှင့် ၎င်း၏ဇနီးတို့မှာလည်း နေအိမ်၌ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်သဖြင့် သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။

အသတ်ခံရသူတို့မှာ ဒလန်ဟု နာမည်ထွက်သူများဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ယင်းအပြင် ပုလောမြို့နယ် PDF အဖွဲ့ကလည်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ အမြန်နုတ်ထွက်ရန် နှင့် ပျူစောထီးများအား ၁၅ ရက်အတွင်း လက်နက်ပြန်အပ်ရန် မတ်လ ၁၉ ရက်က သတိပေးစာ ထုတ်ပြန် ထားသည်။ မလိုက်နာလျှင် စစ်ရေးအရ အရေးယူမည်ဟုလည်း ရေးသားထားသည်။

အလားတူ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း တနင်္သာရီမြို့နယ်ရှိ ဒလန်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ နုတ်ထွက်ကြရန် သတိပေးစာ ထုတ်ထား သည်။