မြိတ်တွင် မတ်လအတွင်း ကိုဗစ်ဖြင့် ခုနစ်ဦး သေဆုံး

0
146

မြိတ်မြို့တွင် မတ်လအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ခုနစ်ဦး ရှိနေပြီဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ မြို့နယ်အလိုက် Covid 19 ပိုးတွေ့၊ သေဆုံးလူနာ အခြေပြဇယားတွင် ဖော်ပြပြီး မြေပြင်တွင် ယင်းထက် ပိုများကြောင်း နာရေးကူညီမှုအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ ဇယားထုတ်ပြန်ချက်အရ မတ်လ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ သေဆုံးသူ ခုနစ်ဦးနှင့် ကိုဗစ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၃၂ ဦးတို့ ရှိကြောင်း ဖော်ပြထားသည်။

တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်သည် မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်နိုင်တီးကုသဆောင်မှ စာရင်းများသာ ဖြစ်ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပုဂ္ဂလိကဆေးရုံများနှင့် ရပ်ကွက်တို့အတွင်း ကိုဗစ်ဖြင့် သေဆုံးသူများလည်း ရှိနေပြီး စုစုပေါင်း ကို‌ဗစ်လူနာ ဆယ်ဦးခန့်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“အရပ်ထဲ သေတဲ့သူတချို့မှာလည်း ကိုဗစ်ပိုးတွေ့တာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ရပ်ကွက်များအတွင်း သေဆုံးသူတို့အား နာရေးကိစ္စအတွက် ကူညီဆောင်ရွက်ပေးရာ၌ ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးရာမှ ပိုးတွေ့ရှိမှုများရှိကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ကိုဗစ်လူနာ သေဆုံးသူအများစုမှာ အသက်ကြီးသူများနှင့် ရောဂါအခံရှိသူတို့ဖြစ်ကြကြောင်း အထက်ပါ ၎င်းက ဆက်လက်ပြောဆိုသည်။

မြိတ်တွင် ကိုဗစ်ပိုးပြန်လည်‌တွေ့ရှိခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကိုဗစ်ပိုးတွေ့သူ ၄၆၅ ဦးရှိခဲ့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်ဇယားအရ သိရသည်။ မတ်လ ၂၂ ရက်နေ့အထိ ဆိုလျှင် ၅၉၇ ဦးအထိ ရှိပြီဖြစ်သည်။