ပြည်တွင်းလေယာဉ်ခရီး မှတ်ပုံတင်မူရင်းပြနိုင်မှ စီးခွင့်ရတော့မည်

0
416

လေယာဉ်ဖြင့် ပြည်တွင်းခရီးသွားလာလျှင် ဧပြီလ ၁ရက်နေ့မှစတင်ကာ နိုင်ငံသားကတ် (မှတ်ပုံတင်) မူရင်း ပြသနိုင်မှသာလျှင် စီးနင်းခွင့်ရတော့မည်ဖြစ်ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်နှင့် အထက် မြန်မာနိုင်ငံသားခရီးသည်များသည် လေဆိပ်ကောင်တာနှင့် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်မူရင်း ပြသနိုင်မှသာ စီးနင်းနိုင်တော့မည်ဖြစ်ကြောင်း Air KBZ လေကြောင်းလိုင်းက ယနေ့ (မတ် ၂၃) အသိပေးထားသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းကလည်း မြန်မာနိုင်ငံသား ခရီးသည်များသည် မှတ်ပုံတင် ပြသနိုင်မှသာ လေယာဉ်စီးနင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ယနေ့ အသိပေးစာထုတ်ထားသည်။

ထောက်ခံစာ၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ မြန်မာနိုင်ငံကူးလက်မှတ် စသည်တို့ ပြသပြီး ပြည်တွင်းလေကြောင်းခရီးများကို သွား၍မရတော့ကြောင်းလည်း ယင်းလေကြောင်းလိုင်းက အသိပေးထားသည်။

ယင်ခင်က ပြည်တွင်းလေကြောင်း စီးနင်းရာတွင် မှတ်ပုံတင် မပါလျှင် ဝန်ထမ်းကတ်၊ လဝက ထောက်ခံစာ စသည်တို့ ပြသကာ စီးနင်းကြသည်။

“ဝန်ထမ်းတွေကိုတော့ ဝန်ထမ်းကတ်နဲ့ခွင့်ပြုတာမျိုးရှိတယ်။ အဓိကတော့ လဝကပါပဲ။ မှတ်ပုံတင်မပါတဲ့ သူတွေကျတော့ လဝကက (လဝက) အချင်းချင်းညှိနှိုင်းပြီး ထောက်ခံစာ လုပ်ပေးတာမျိုးတော့ရှိတယ်” ဟု ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်း စီမံချက်ဖြင့် မှတ်ပုံတင်များကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့မှစတင်ကာ ထုတ်ပေးနေသည်။

လက်ရှိတွင် လိုအပ်ချက်အရဟုဆိုကာ ခရီးသွားလာ တည်းခိုခွင့်တို့တွင် ယင်းဌာနက ကန့်သတ်ချက်များကို ထုတ်လာခြင်းဖြစ်သည်။

ခရီးသွားလာရာတွင်၊ တည်းခိုနေထိုင်ရာတွင်၊ မှတ်ပုံတင်ပြသဆောင်ရွက်ရမည့် လုပ်ငန်းများတွင် မှတ်ပုံတင်ကို ဧပြီလ ၁ ရက်နေ့ နံနက် ၆နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း ယင်းဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မှတ်ပုံတင်အစား ထောက်ခံစာများ ပြသပြီး ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းတို့ကို ခွင့်မပြုတော့ကြောင်းလည်း ထုတ်ပြန်ထားသည်။