တိုင်းအတွင်း ခရီးသည်များကို မှတ်ပုံတင် ပိုစစ်

0
169
ပုံစာ-မြိတ် အဝေးပြေးကွင်းကို တွေ့ရစဥ်/Dawei Watch

တနင်္သာရီတိုင်းအတွင်း ခရီးသွားလာသူများကို ကိုဗစ်ကာကွယ်ဆေးလက်မှတ်ထက် နိုင်ငံသား စိစစ်ရေး ကတ် (မှတ်ပုံတင်) ကို ပိုမိုစစ်ဆေးနေကြောင်း ‌ထားဝယ် – ကော့သောင်း ပြေးဆွဲနေသည့် ကားသမား အချို့က ပြောသည်။

ထားဝယ်မြို့မှ ကော့သောင်းမြို့အထိ စစ်ဆေးရေးဂိတ် အနည်းဆုံး ခြောက်ဂိတ်ခန့် စစ်ဆေးခံရသည့် အနက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်မှာ တစ်ဂိတ်တွင်သာ စစ်ဆေးခံရလေ့ရှိပြီး ကျန်ဂိတ် များမှာ မှတ်ပုံတင်ကိုသာ အဓိက စစ်ဆေးကြောင်း ထားဝယ် – ကော့သောင်း ကားသမားတစ်ဦးက ပြော သည်။

ယခင်က တိုင်းအတွင်း ခရီးသည်များကို ကိုဗစ်ကာကွယ်ဆေးလက်မှတ်ကိုသာ အဓိက စစ်ဆေးနေရာမှ ‌ယခု မတ်လထဲတွင် မှတ်ပုံတင်ကို အဓိက စစ်ဆေးလာခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အခုက ကိုဗစ်လက်မှတ် မရှိလည်း သူတို့က ဘာမှမလုပ်ဘူး။ ရောဂါအခံရှိလို့ ဆေးမထိုးဘူး ပြောလိုက်ရင် ရတယ်။ တချို့ဂိတ်မှာဆို ဆေးမထိုးရသေးဘူးပြောရင် ဆေးထိုးပြီး သွားခွင့်ပြုတယ်။ အခုနောက်ပိုင်းက ဘာဖြစ်လာသလဲဆိုတော့ မှတ်ပုံတင်ကို အဓိကစစ်လာတယ်။ သက်တမ်းလွန်နေတာတို့၊ နည်းနည်း ပျက်နေတာတို့ ရှိရင်‌တောင် အဆင်မပြေဘူး။ တော်တော်ရှင်းပြနေရတယ်” ဟု ၎င်းကဆိုသည်။

ထားဝယ်မြို့က ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတားတွင် အစစ်ဆေး အတင်းကျပ်ဆုံးဖြစ်ကြောင်း ကာသမားအချို့က ပြောသည်။

ထားဝယ်- ကော့သောင်း ခရီးသွားခဲ့သူ ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကလည်း အသွားအပြန်နှစ်‌ကျော့ တွင် အပြန်‌တစ်ကျော့မှာ ကိုဗစ်လက်မှတ် တစ်ကြိမ်သာ အစစ်ဆေးခံရပြီး မှတ်ပုံတင်ကို အများဆုံး စစ်ဆေးခံရကြောင်း ပြောဆိုသည်။

ဧပြီလမှစပြီး မှတ်ပုံတင်အစား ထောက်ခံစာများပြသပြီး ခရီးသွားနေခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပြီးနောက် ယင်းကဲ့သို့ တိုင်းအတွင်း ခရီးသည်များကို မှတ်ပုံတင်စစ်ဆေးတင်းကျပ်လာခြင်းဖြစ်သည်။

“အခုလို မှတ်ပုံတင်စစ်တာက နိုင်ငံရေးနဲ့ ပတ်သတ်တဲ့သူတွေကို ဖမ်းချင်လို့ လုပ်တာလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ဆေးရေးဂိတ်တွေမှာ စာရင်းတွေရှိပြီးသား။ အဲဒီစာရင်းထဲရှိတဲ့သူနဲ့ ကိုယ့်မှတ်ပုံတင် တိုက်စစ်လိုက်လို့ တူနေရင် အဖမ်းခံရနိုင်တယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။

ထားဝယ် – ရန်ကုန်၊ ထားဝယ် – ထီးခီး စသည့် လမ်းတလျှောက်တွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ကြောင်း ကျန်းမာရေးထောက်ခံစာထက် မှတ်ပုံတင်ကို ပိုမိုစစ်ဆေးကြောင်း ခရီးသည်အချို့ထံမှ သိရ သည်။

လမ်းခရီးတလျှောက် စစ်ဆေးမှုတင်းကျပ်နေသဖြင့် ပုံမှန်ထက် ခရီးစရိတ်ပိုမိုကုန်ကျနေ‌ရကြောင်းလည်း ခရီးသည်အချို့က ညည်းတွားပြောဆိုကြသည်။