ကော့သောင်းတွင် လျှပ်စစ်တစ်ယူနစ် ကျပ်နှစ်ရာကျော်ဈေးတက်၊ တစ်ထောင်နားကပ်လာ

0
291

ကော့သောင်းတွင် လျှပ်စစ်မီတာ တစ်ယူနစ်လျှင် ကျပ်နှစ်ရာကျော် ဈေးတက်သဖြင့် တစ်ယူနစ် ကျပ်တစ်ထောင်နီးပါး ကပ်နေပြီဖြစ်ကြောင်း ဓါတ်အားပေးကုမ္ပဏီနှင့် လျှပ်စစ်မီးသုံးစွဲသူများထံမှ သိရသည်။

ကော့သောင်းမြို့တွင် ဇန်နဝါရီလအတွက် လျှပ်စစ်မီးသုံးစွဲခ တစ်ယူနှစ် ကျပ်ခုနှစ်ရာရှိခဲ့ရာမှ ဖေဖော်ဝါရီလ အတွက် တစ်ယူနစ် ကျပ် ၉၅၀ သို့ တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်း ဓါတ်အားပေးနေသည့် ဖိုးသီးချို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီထံမှ သိရသည်။

ယင်းအပြင် လက်ရှိဖိုးသီးချိုကုမ္ပဏီမှ တာဝန်ယူဖြန့်ဖြူးနေသည့် EPC (အစိုးရ) လျှပ်စစ်လိုင်းသည်လည်း ဇန်နဝါရီလတွင် တစ်ယူနစ် ၅၆၈ ကျပ်ရှိခဲ့ရာမှာ ဖေဖော်ဝါရီလအတွက် တစ်ယူနစ် ၆၃၃ ကျပ်သို့ တိုးမြှင့် ကောက်ခံခဲ့ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကော့သောင်းမြို့တွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် မီးလိုင်းနှစ်ခုရှိပြီး လက်ရှိအချိန်တွင် ယင်းလိုင်း နှစ်ခု စလုံးအား ဖိုးသီးချိုကုမ္ပဏီက တာဝန်ယူကာဖြန့်ဖြူးပေးနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

စက်သုံးဆီဈေးတက်သဖြင့် ယင်းသို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ကော့သောင်းမြို့အပြင် ယင်းခရိုင်အတွင်းရှိ ပင်လယ်ကျေးရွာများတွင်လည်း လျှပ်စစ်တယူနစ် ၉၅၀ ကျပ်ဖြင့် ကောက်ယူလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလက ဒီဇယ်တစ်ပီပါ ကျပ်သုံးသိန်းကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ပီပါ ကျပ်ငါးသိန်းနီးပါး ဈေးပေါက်နေကြောင်း စက်သုံးဆီရောင်းဝယ်သူများထံမှ သိရသည်။

မီတာခ တိုးမြှင့်ကောက်ခံမည့်အကြောင်း ကုမ္ပဏီဘက်က ကြိုတင်အသိပေးခြင်း မရှိကြောင်း ကော့သောင်းမြို့ခံများထံမှသိရသည်။

“သူ(ဖိုးသီးချို)က တင်ဒါဝင်ပြိုင်ကတည်းက ပြောထားတာရှိတယ်။ ဒီဇယ်ဈေးတက်ရင် တိုးကောက်မယ်။ ကျရင်လျှော့ကောက်မယ်လို့ ပြောထားတော့ အဲဒါနဲ့ပတ်သက်ပြီး မြို့ခံတွေက အတွန့်အတက် မကောက်ကြ (မပြောကြ) ဘူး” ဟု ကော့သောင်းမြို့က မီးသုံးစွဲသူ အမျိုးသားတစ်ဦးက ပြောသည်။

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာတွင် မီတာခ တစ်ယူနစ် ၈၅၀ ကျပ် ကောက်ခံနေပြီး မတ်လအတွက် ၉၅၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း ယင်းရွာတွင် လျှပ်စစ်ဖြန့်ဖြူးနေသည့် ဦးဘငယ်က ပြောသည်။

“ဒီဇယ်ဈေး ထပ်တက်ရင်တော့ တစ်ထောင်ကောက်မှ ရတော့မယ်” ဟု ၎င်းက ဆိုသည်။

မြိတ်မြို့တွင်လည်း ဇန်နဝါရီလက လျှပ်စစ်မီး တစ်ယူနစ် ၄၇၈ ကျပ် ကောက်ယူနေရာမှ ဖေဖော်ဝါရီလ အတွက် ၅၆၅ ကျပ် ကောက်ယူနေကြောင်း လျှပ်စစ်မီးသုံးစွဲသူများနှင့် လျှပ်စစ်ဖြန့်ဖြူးနေသည့် PETRO & TRANS ကုမ္ပဏီထံမှ သိရသည်။

လျှပ်စစ်မီးသုံးစွဲခ ဈေးတက်လာသောကြောင့် မီးပူ၊ ပန်ကာ၊ အဲယားကွန်း စသည်တို့ကို အသုံးမပြုရဲတော့ ကြောင်း ကော့သောင်းနှင့် မြိတ်မြို့က မီးသုံးစွဲသည့် ပြည်သူများထံမှ သိရသည်။

“ပူကလည်းပူ။ ပန်ကာလည်း အရင်လို မဖွင့်ရဲတော့ဘူး။ ယပ်တောင်ပဲ ခတ်ပြီးနေရတဲ့ဘဝ ရောက်နေ တယ်” ဟု မြိတ်မြို့က လျှပ်စစ်မီးသုံးစွဲသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဒီဇယ်ဈေးတက်မှုကြောင့် လျှစ်စစ်မီးသုံးစွဲခ လစဉ်တိုင်းလိုလို ဈေးနှုန်းမြင့်တက်လျှက်ရှိသည်။