ဒယ်ထာခရွန်ကိုဗစ်မျိုးကွဲ ဘာလဲ၊ ဘယ်နေရာမှာတွေ့ခဲ့တာလဲ

0
697

ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် အားပျော့သည်။ သူ့ကြောင့် ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေ များစွာ နည်းပါးကြောင်း ပညာရှင်များက ဆိုကြသည်။ ထိုအချိန်တွင် အခြားသော ကိုဗစ်မျိုးကွဲအသစ်တစ်ခုကိုသရုပ်ခွဲစိစစ်နိုင်ခဲ့ပြီးယင်း၌ဒယ်ထာနှင့်အိုမိုက်ခရွန်မျိုးကွဲအစိတ်အပိုင်းများတွေ့ရှိခဲ့သည်။

ဒယ်ထာခရွန်ဆိုသည်မှာ

ဝေါဟာရပေါင်းစပ်စကားလုံးအသစ်ဖြစ်သော ဒယ်ထာခရွန် ဟူသည်က ကိုဗစ်မျိုးကွဲတစ်ခုဖြစ်ကာ ယခင်က ကိုဗစ်မျိုးကွဲများဖြစ်သော နာမည်ကြီး ဒယ်ထာ နှင့် ကူးစက်မြန် ကိုဗစ်မျိုးကွဲ အိုမိုက်ခရွန်တို့၏ အစိတ်အပိုင်းများပါဝင်နေသည့် ကိုဗစ်ဗိုင်းရပ်စ် ပေါင်းစပ်မျိုးကွဲအသစ်ဖြစ်သည်။ တနည်းဆိုရလျှင် ထိုမျိုးကွဲအသစ်တွင် ဒယ်ထာနှင့် အိုမိုက်ခရွန် မျိုးကွဲများက မျိုးဗီဇများပါဝင်နေပြီး ကိုဗစ်မျိုးကွဲနှစ်ခု ပြန်လည်ပေါင်းစည်းထားသည့် ကိုဗစ်ဗိုင်းရပ်စ်မျိုးတစ်မျိုးဖြစ်သည်။

ဒယ်ထာ နှင့် အိုမိုက်ခရွန်ကိုဗစ်မျိုးကွဲ နှစ်ခု မျိုးဗီဇပေါင်းစပ်ပါဝင်နေသော ကိုဗစ်ပေါင်းစပ်မျိုးကွဲအသစ်တစ်မျိုးကို တွေ့ရှိရသည်မှာ အမှန်တကယ်ပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

“လူတစ်ယောက်တည်းမှာ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးထက်ပိုပြီး အကူးခံရပြီး ဆဲလ်တစ်ခုတည်းမှာ ဗိုင်းရပ်စ်တွေပွားတဲ့ အခါမျိုးမှာဒီလို (ကိုဗစ်ဗိုင်းရပ်စ်) မျိုးကွဲတွေ ပေါင်းစည်းတဲ့ဟာမျိုးတွေ မြင့်တက်လာပါတယ်” ဟု ဗြိတိန်နိုင်ငံ ဝါးဝစ်ခ်တက္ကသိုလ်၏ ဗိုင်းရပ်စ်ပညာရှင်ပါမောက္ခ လောရန့်စ်ကဆိုသည်။ ဒယ်ထာခရွန်က တူညီတဲ့ လူဦးရေတစ်ခုတည်းမှာ ပျံ့နှံ့ကူးစက်နေတဲ့ ဒယ်ထာမျိုးကွဲနဲ့အိုမိုက်ခရွန် မျိုးကွဲ နှစ်ခုစလုံးရဲ့ ထုတ်ကုန်တစ်ခုပဲဟု သူကမှတ်ချက်ပြုသည်။

ဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက်များကို အပြန်အလှန်မျှဝေကြသော ကမ္ဘာတဝန်းရှိသိပ္ပံပညာရှင်များပါဝင်ကြသည့် အစုအဖွဲ့တစ်ခုဖြစ်သည့် Gisad အဖွဲ့က ကိုဗစ်ဗိုင်းရပ်မျိုးကွဲသစ် ဒယ်ထာခရွန်နှင့်ပတ်သက်၍ ပထမဆုံး ခိုင်မာသော အထောက်အထားများကို ပြင်သစ်နိုင်ငံက ဖာစထာအင်စတီကျုက Gisaidထံမျှဝေလာခဲ့ကြောင်းကို ယခုတစ်ပတ်တွင် ရေးသားထုတ်ပြန်ခဲ့သည်။

ကိုဗစ်မျိုးကွဲအသစ်ကိုဘယ်မှတွေ့ခဲ့တာလဲ

ယခုနှစ်အစောပိုင်းတွင် ဆိုက်ပရပ်စ်ရှိ ဓာတ်ခွဲခန်းတစ်ခုက ဒယ်ထာနှင့်အိုမီခရွန် ပေါင်းစပ်မှုနှင့်ပတ်သက်သော အထောက်အထားတွေ့ရှိကြောင်းထွက်ရှိလာပြီးနောက် စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သည်။ တချိန်တည်းတွင် ကိုဗစ်မျိုးကွဲနှစ်ခုက လူတစ်ဦးကို ကူးစက်မှုကိုပြီးနောက် မျိုးဗီဇများ ပေါင်းစပ်သွားခဲ့ကာ ပေါင်းစပ်မျိုးကွဲအသစ်တစ်မျိုးထုတ်လုပ်ကြောင်း ဆိုခဲ့သော်လည်း ကျွမ်းကျင်သူများကသူ ဓာတ်ခွဲခန်း၏တွေ့ရှိမှုမှာ မမှန်ကန်ကြောင်းဆိုခဲ့သည်။

သို့ရာတွင် ယခုမူ ပြင်သစ်နိုင်ငံ ပါရီ မှ ဖာ့စထာ အင်စတီကျုက ဗိုင်းရပ်စ်ပညာရှင်များက ပြင်သစ်နိုင်ငံတဝန်းရှိ ဒေသများတွင် ပျံ့နှံ့ကူးစက်နေသော ဗိုင်းရပ်မျိုးကွဲများကို စိစစ်သရုပ်ခွဲလေ့လာမှုများ ပြုပြီးနောက်တွင်မူ ကိုဗစ်ပေါင်းစပ်မျိုးကွဲသစ် ဒယ်လ်ထာခရွန်ကို တွေ့ရှိလာရသည်။ ယင်းသည် ဇန်နဝါရီအစောပိုင်းကာလကတည်းကပင် ပျံ့နှံ့နေပုံရကြောင်းလည်း ဆိုသည်။ ယခုပေါင်းစပ်မျိုးကွဲသည် အမှန်တကယ်ပင် ဖြစ်ပြီး သတိထားစောင့်ကြည့်ရမည့် ကိုဗစ်ဗိုင်းရပ်စ်ဟု အောက်စဖို့ဒ်တက္ကသိုလ်မှ မျိုးရိုးဗီဇကလာပ်စည်းများကိုလေ့လာသော ပါမောက္ခတစ်ဦးကလည်း ဆိုထားသည်။

Gisaid ၏ထုတ်ပြန်ချက်အရမူ ဒယ်ထာခရွန်ကို ပြင်သစ်နိုင်ငံ၏ ဒေသအတော်များများတွင် စိစစ်တွေ့ရှိ ခဲ့ရပြီး နှစ်အစကတည်းကပင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။ မျိုးဗီဇကလာပ်စည်းအချက်အလက်များဆင်တူသော ဗိုင်းရပ်စ်မျိုးကွဲ(ဒယ်ထာခရွန်)ကို ဒိန်းမတ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင်လည်း စိစစ်တွေ့ရှိရကြောင်း Gisaid ကဆိုထားသည်။

ဒယ်ထာခရွန်ကို အမေရိကန်ပြည်ထောင်စုတွင်လည်း တွေ့ရှိလာရကြောင်း အစီရင်ခံစာများလည်းရှိလာနေသည်။ ထို့အတူပင် ဗြိတိန်နိုင်ငံတွင်လည်း ဒယ်ထာခရွန်ကူးစက်ခံရမှု ၃၀ ခန့် တွေ့ရှိရကြောင်း ယူခေ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။ လူအချင်းချင်းကူးစက်မှုရှိသော ဒယ်ထာခရွန်မျိုးကွဲအသစ်နှင့်ပတ်သက်၍ ကနဦး အကူးခံမှုများကို ယခုတစ်ပတ်အတွင်း ဗြိတိန်၌ အတည်ပြုမည်ဟု မျှော်လင့်ထားကြောင်း သတင်းစာတစ်စောင်ကရေးသားထားသည်။

ဖာ့စထာအင်စတီကျုမှ ဒေါက်တာဆိုင်မွန်ကမူ ဒယ်ထာနှင့်အိုမိုက်ခရွန်တို့ ပေါင်းမိရာက ပေါ်ပေါက်လာနိုင်သည့် မတူခြားနားသော ဗိုင်းရပ်မျိုးကွဲအသစ်များစွာရှိနိုင်သည်ဟု သတိပေးထားသည်။

“ကျွန်တော်တို့ ပြင်သစ်နဲ့ ဒိန်းမတ်၊ နယ်သာလန်တွေမှာတွေ့ရတဲ့ ဗိုင်းရပ်မျိုးကွဲက အတော်လေးကို ဆင်တယ်။ ဗိုင်းရပ်မျိုးကွဲတွေ ပေါင်းမိရာက ပေါ်ပေါက်လာတဲ့ မျိုးကွဲအသစ်ချင်းအတူတူ ပျံ့နှံ့နေခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဟု”သူကဆိုသည်။

သို့သော်လည်း ဗြိတိန်နှင့် အမေရိကတွင်တွေ့ရှိခဲ့ရသည်ဆိုသည့် ဖြစ်တန်ချေရှိသော ဒယ်ထာ အိုမီခရွန်မျိုးကွဲများ ပေါင်းမိရာကပေါ်လာသည့် ဗိုင်းရပ်မျိုးကွဲအသစ်မှာ မတူသော ဗိုင်းရပ်မျိုးရင်းများ၏အစိတ်အပိုင်းများကို ပေါင်းစပ်ထားပုံရပြီး ပြင်သစ်တွင်တွေ့ရှိခဲ့သော ဒယ်ထာခရွန်နှင့်ခြားနားနေကြောင်း သူကထပ်ဖြည့်သည်။“ဒီလိုသိပ်မတူတဲ့ မျိုးကွဲတွေပေါင်းရာကပေါ်လာတဲ့ မျိုးကွဲအသစ်တွေအတွက် မတူတဲ့နာမည်တွေပေးဖို့ ဒါမှမဟုတ် နံပါတ်တပ်ပေးဖို့ လိုပြီထင်တယ်” ဟုသူကဆိုသည်။ ယူခေ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး အေဂျင်စီကလည်း “အခုယူခေမှာ တွေ့ရတဲ့ ဒယ်လ်ထာ အိုမိုက်ခရွန် ပေါင်းစပ်မျိုးကွဲသစ်က ပြင်သစ်မှာတွေ့တဲ့ ဒယ်လ်ထာခရွန်နဲ့ ဆက်စပ်နေလားဆိုတာ မသိရသေးပါဘူး” ဟုဆိုထားသည်။

ဘယ်လောက်ထိစိုးရိမ်သင့်လဲ

ကျွမ်းကျင်သူပညာရှင်များက တွေ့ရခဲသော ကိုဗစ်ပေါင်းစပ်မျိုးကွဲသစ်များနှင့်ပတ်သက်၍ မြန်ဆန်စွာ စောင့်ကြည့်ကိုင်တွယ်နေပြီဖြစ်သည်။ ဒယ်ထာခရွန် ကိုဗစ်ပေါင်းစပ်မျိုးကွဲသည် ပထမဆုံးမဟုတ်သလို နောက်ဆုံးတွေ့ရှိရမှုမျိုးလည်းဖြစ်လိမ့်မည်မဟုတ်ပေ။

ကိုဗစ်ဗိုင်းရပ်စ်မျိုးဗီဇများကို ဦးဆောင်လေ့လာခဲ့သူတစ်ဦး ဖြစ်သော ဒေါက်တာ ဂျက်ဖရီကမူ “ဒီလိုမျိုး (ပေါင်းစပ်မျိုးကွဲသစ်များတွေ့ရခြင်း)ဖြစ်လေ့ရှိတာက နေရာတစ်ခုမှာ ကူးစက်မှုများဗိုင်းရပ်စ်မျိုးကွဲ တစ်ခုကနေ တစ်ခြားဗိုင်းရပ်စ်မျိုးကွဲတစ်ခုကို ပြောင်းတဲ့ ကာလမျိုးမှာပါ”ဟုဆိုသည်။

သူ၏မှတ်ချက်အရ ဆိုရလျှင် နေရာတစ်ခုတွင် ဒယ်ထာကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲကူးစက်နေရာမှ အိုမိုက်ခရွန်မျိုးကွဲအသစ်ဝင်လာချိန် အကူးအပြောင်းစပ်ကြားချိန်တွင် ဗိုင်းရပ်စ်များ ပေါင်းစည်းကာ ပေါင်းစပ်မျိုးကွဲအသစ်ထွက်လာသည့်သဘောမျိုးဖြစ်သည်။

ယခုအချိန်တွင် ဒယ်ထာခရွန် ကူးစက်ခံရမှု အရေအတွက်အနည်းငယ်ကိုသာ စိစစ်တွေ့ရှိထားပြီး ယင်းပေါင်းစပ်မျိုးကွဲအသစ်၏ ပြင်းထန်မှု နှင့် ကိုဗစ်ကာကွယ်ဆေးကို အန်တုနိုင်မှုကို လေ့လာရန်အတွက် လုံလောက်သော အချက်အလက်များမရှိသေးပေ။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၏ သိပ္ပံပညာရှင်များအကြီးအကဲကမူ “ကျနော်တို့ ဗိုင်းရပ်စ်ပေါင်းစပ်မျိုးကွဲသစ်ကို လူတွေနဲ့ တိရစ္ဆာန်တွေမှာ တွေ့နိုင်တယ်ဆိုတာ သိထားပြီးပါပြီ။ ဒီဗိုင်းရပ်မျိုးကွဲသစ်ရဲ့ သဘောသဘာဝကို လေ့လာသတ်မှတ်ဖို့ စမ်းသပ်စစ်ဆေးမှုလုပ်ဖို့ အတွက်စောင့်ဖို့လိုနေပါသေးတယ်။ ကပ်ဘေးနဲ့ပတ်သက်လို့ ဆောင်ရွက်လာခဲ့တဲ့အတိုင်းပဲ ဗိုင်းရပ်စ်မျိုးကွဲတွေကို သရုပ်ခွဲစစ်ဆေးတာတွေ၊ အချက်အလက်တွေကို မြန်မြန် မျှဝေတာမျိုးတွေ လုပ်ဖို့အရေးကြီးပါတယ်”ဟု တွစ်တာတွင် မှတ်ချက်ပြုရေးသားထားသည်။

ပါမောက္ခဒေါက်တာ လောရန့်စ်ယန်းကလည်း အထက်ပါအချက်ကို သသောတူသည်။

“ကျွန်တော်တို့ ဒီပေါင်းစပ်မျိုးကွဲအသစ်က ဘယ်လောက် ကူးစက်ပျံ့နှံ့နိုင်စွမ်းရှိလဲ၊ ကိုဗစ်ကာကွယ်ဆေးထိုးလိုက်လို့ ပေါ်လာတဲ့ ကိုယ်ခံအားကို ဒီမျိုးကွဲအသစ်က ဘယ်လောက်ထိခံနိုင်တဲ့ အစွမ်းရှိလဲ စတာတွေကို စောင့်ကြည့်ဖို့လိုတယ်”ဟုသူကဆိုသည်။

“ဗိုင်းရပ်စ်တွေရဲ့ ဗီဇပြောင်းလာနေမှုတွေကို စောင့်ကြည့်ထောက်လှမ်းနေဖို့လိုတယ်ဆိုတာကို ပြန်သတိထားမိစေတယ်၊ ဗိုင်းရပ်စ်က ဆက်ပြီး ပျံ့နေတုန်းပဲ၊ ယေဘုယျအားဖြင့် ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့ လူအုပ်စုတွေမှာ ပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးထားပေမဲ့ ကိုယ်ခံအားကကျလာနေတဲ့သူတွေမျိုးမှာ ကျနော်တို့က ဒီလိုမျိုး ပေါင်းစပ်မျိုးကွဲ အသစ်တွေ ပိုမြင်လာရဖို့ များတယ်”ဟု ထပ်ဖြည့်ပြောဆိုသည်။

သို့သော် ယခုပေါင်းစပ်မျိုးကွဲအသစ်က ထိတ်လန့်တကြားဖြစ်စရာအကြောင်းတစ်ခုတော့မဟုတ်သေးပေ။

ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာလုံခြုံမှု အေဂျင်စီ၏အဆိုအရတော့ ဒယ်ထာခရွန်က စိုးရိမ်ဖွယ် တိုးနှုန်း မပြသေးဟုဆိုသည်။ ပြီးခဲ့သည့် ဒယ်ထာလှိုင်း၊ အိုမိုက်ခရွန်လှိုင်းများနှင့် ထိုးနှံထားကြသည့် ကာကွယ်ဆေးများအရတော့ ယခုပေါင်းစပ်မျိုးကွဲအသစ် ဒယ်ထာခရွန်အတွက် လူအများတွင် အကာအကွယ် အချို့တော့ အနည်းဆုံးရှိမည်ဖြစ်သည်။

တွေ့ရှိချက်အရမူ ပေါင်းစပ်မျိုးကွဲ ဒယ်လ်ထာခရွန်၏ ပင်မဗိုင်းရပ်စ်မှာ ဒယ်လ်ထာမျိုးကွဲမှဆင်းသက်လာကာ လူ၏ဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်ရာတွင် အရေးပါသော လက်တံကလေးများသည် အိုမိုက်ခရွန်၏ လက်တံမျိုးဖြစ်ကြောင်း ဆိုသည်။

“ဒယ်လ်ထာခရွန်ရဲ့လက်တံတွေက အိုမိုက်ခရွန်ကလာတာမျိုးဆိုတော့ ဒီပေါင်းစပ်မျိုးကွဲအသစ်ဟာ လူ့အဆုပ်ထက် အသက်ရှူလမ်းကြောင်း အထက်ပိုင်းကိုပဲ ပိုပြီးထိခိုက်စေနိုင်မယ့်ပုံပါ၊ တချိန်တည်းမှာ အိုမိုက်ခရွန် မျိုးကွဲရဲ့ အစိတ်အပိုင်း တစ်ချို့ဖြစ်တဲ့ ရောဂါပြင်းထန်စေမှုကို လျှော့ချစေနိုင်တယ်လို့ ထင်ရတဲ့ တချို့ အစိတ်အပိုင်းတွေဟာ ဒီပေါင်းစပ် မျိုးကွဲအသစ်မှာ ပျောက်နေတယ် မတွေ့ရဘူး” ဟု ဗြိတိန်နိုင်ငံ လိဒ်တက္ကသိုလ်မှ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာ ဂရင့်ဖှင်ကတော့ မှတ်ချက်ချသည်။

ဒယ်လ်ထာခရွန်၏ ကူးစက်နိုင်စွမ်း၊ လူကို သေစေနိုင်စွမ်းမည်မျှရှိကြောင်း ရှင်းလင်းသော အချက်အလက်များမရှိသေးပေ။

“ဒါဟာ ကျနော်တို့အနေနဲ့ Sars-2 နဲ့ ပတ်သက်လို့ အမြဲအပြောင်းအလဲမြန်ဆန်နေတဲ့ အခြေအနေမျိုးမှာရှိနေတုန်းပဲ၊ ဆိုတော့ ဗိုင်းရပ်စ်မျိုးဗီဇ စောင့်ကြည့် ထောက်လှမ်းတာတွေ နဲ့ ဆေးစစ် စမ်းသပ်တာတွေက လုပ်ဖို့ အကျုံးဝင်နေတုန်း ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတဲ့ ဖြစ်ရပ်ပါပဲ။ အကြီးအကျယ်ကူးစက်နေတာကို အလေးမထားဘဲနေတာ ကူးစက်မှုတွေအားလုံးကို စနစ်တကျမထိန်းတာနိုင်တာက ဒီလိုဗိုင်းရပ်စ်တွေ ပြောင်းလဲတိုးတက်လာရခြင်းရဲ့ ပင်မ အကြောင်းရင်းပဲ”ဟု ဒေါက်တာ ဂရင့်ဖ်ဖင်က ဆိုသည်။

Ref: https://www.independent.co.uk/news/science/covid-deltacron-delta-omicron-variant-latest-b2032811.html

https://www.theguardian.com/world/2022/mar/11/what-is-deltacron-covid-variant-uk?CMP=fb_gu&utm_medium=Social&utm_source=Facebook#Echobox=1647005682