မွန်တွင် ကိုဗစ်လူနာနှစ်ဦး ယနေ့သေဆုံး၊ မတ်လအတွင်း သေဆုံးသူ ၃၀ ရှိလာပြီ

0
564

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ယနေ့ (မတ် ၁၄) နှစ်ဦး ထပ်မံသေဆုံးသဖြင့် မတ်လအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ၃၀ အထိရှိလာပြီဖြစ်ကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

ယနေ့ သေဆုံးသည့် လူနာနှစ်ဦးမှာ အမျိုးသမီးများဖြစ်ပြီး အသက် ၆၀ ကျော်နှင့် ၈၀ ကျော်အရွယ်များ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၎င်းတို့မှာ မော်လမြိုင်နှင့် ကော့ကရိတ်တို့မှ ဖြစ်ကြောင်း အဆိုပါလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း၌ မတ်လ ၁ ရက်နေ့မှ ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၀၀ နီးပါး တွေ့ရှိထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းခန့်မှစကာ ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိခဲ့လာပြီး ဖေဖော်ဝါရီလနှင့် မတ်လမှာ ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိမှု မြင့်တက်လာခဲ့သည်။

ယင်းအပြင် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့ပြီး ဖေဖော်ဝါရီလအတွင်းမှာ အတည်ပြုလူနာ ၃၀ ကျော် သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

“ပိုးတွေ့လူနာကတော့ နေ့တိုင်းရှိနေတယ်။ မပေါ့ဆကြပါနဲ့။ အထူးသဖြင့် ရောဂါအခံရှိတဲ့လူတွေ ပိုပြီး ဂရုစိုက်ရမယ်” ဟု ပြည်နယ်အတွင်း မြို့နယ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးက ပြောသည်။

သေဆုံးအတည်ပြုလူနာများသည် ရောဂါအခံရှိသည့် သက်ကြီးသူများရှိသလို လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် အတည်ပြုလူနာများ သေဆုံးမှုရှိနေသည့်အပြင် နေအိမ်တွင် သေဆုံးသည့် အတည်ပြုလူနာများလည်း ရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ တစ်လအတွင်း မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာအရေအတွက်ထက် မြေပြင်တွင် ပိုးတွေ့လူနာ ပိုများနိုင်ကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ခန့်မှန်းကြသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ပြီးခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်။