ကျွန်းစု NLD တိုင်းအလုပ်အမှုဆောင်အပါအဝင် ခုနစ်ဦး အဖမ်းခံရပြီးနောက်အခြေအနေ သိခွင့်မရ

0
382

တနင်္သာရီတိုင်း NLD ပါတီ အလုပ်အမှုဆောင် ဦးသိန်းတန်နှင့် သားသမီးနှစ်ဦးအပါအဝင် ခုနစ်ဦး ဖမ်းဆီး ခံရသည့်နောက်ပိုင်းအခြေအနေ မိသားစုဝင်များ တစ်စုံတစ်ရာ သိခွင့် တွေ့ခွင့်မရသေးကြောင်း မြိတ်ခရိုင် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များ သိခွင့် မရကြောင်း ၎င်းက ဆိုသည်။

ကျွန်းစုမြို့နယ် ပထော်ကျေးရွာတွင် နေထိုင်သည့် ဦးသိန်းတန်နှင့် သားဖြစ်သူ၊ ၎င်းတို့နှင့် နီးစပ်သူ လေးဦး တို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် နေအိမ်၌ ဖမ်းဆီးခံရကြောင်း အထက်ပါတာဝန်ရှိ သူက ပြောဆိုသည်။

ဦးသိန်းတန်၏ သမီးဖြစ်သူမှာလည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။

သမီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ဦးသိန်းတန်အပါအဝင် ခြောက်ဦးကို ဆက်လက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ပါတီဝင်များထံမှ သိရသည်။

ယင်းသို့ ဖမ်းဆီးမှုအပေါ် စစ်ကောင်စီဘက်က မိသားစုဝင်များထံ အကျိုးအကြောင်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးကြောင်း မြိတ်ခရိုင် NLD ပါတီမှ တာဝန်ရှိသူက ပြောသည်။

“ဘာကြောင့်ဖမ်းပြီး ဘယ်မှာ ချုပ်ထားသလဲဆိုတာကိုတော့ စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ဉီးသိန်းတန်၏ သမီးဖြစ်သူ မြိတ်တက္ကသိုလ် ပထမနှစ်ကျောင်းသူ မမြတ်နိုးသူသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာ စစ်ဘေးရှောင်စခန်းသို့ အသွားတွင် ပဝကျေးရွာဘုန်းကြီးကျောင်း အနီး၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

မမြတ်နိုးသူသည် အလုပ်ကိစ္စတစ်ခုဖြင့် သွားရောက်ရာတွင် အဖမ်းခံရခြင်းဖြစ်ကြောင်း မြိတ်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။