ဘဏ်အပ်ငွေ ထုတ်ရခက်ခဲနေဆဲ

0
427

တစ်နှစ်ကျော်ကြာသည်အထိ ပြည်သူများ၏ ဘဏ်အပ်နှံငွေများကို ထုတ်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်နေဆဲဖြစ်သည်။

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်လေးခုကို ဆက်သွယ်မေးမြန်းခဲ့ရာ ဘဏ်အပ်နှံငွေများကို အကန့်အသတ် ဖြင့်သာ ထုတ်ပေးနိုင်သေးကြောင်း ပြောကြသည်။

ဧရာဝတီဘဏ်တွင် အကောင့်ထဲရှိ ငွေများကို တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပေးနေပြီး တစ်ကြိမ်ထုတ်လျှင် ကျပ်သုံးသိန်းသာရရှိကြောင်း ၎င်းဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ငွေထုတ်ယူရန်အတွက် ကြိုတင်တိုကင်ယူရန် မလိုကြောင်း ၎င်းကပြောသည်။

ကမ္ဘောဇဘဏ်တွင်မူ ကြိုတင်တိုကင်ယူရပြီး တစ်ကြိမ်ငွေထုတ်လျှင် ကျပ်သုံးသိန်းသာ ထုတ်ပေးကြောင်း ယင်းဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။

ရုံးဖွင့်ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီကြားအချိန်တွင် တိုကင်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

CB ဘဏ် (ထားဝယ်) တွင်မူ ငွေထုတ်ပြီးပါက နောက်တစ်ကြိမ်ထုတ်ရမည့်အချိန်ကို ရက်ချိန်းပေးလိုက် ကြောင်း ၎င်းဘဏ်တွင် ကိုယ်တိုင်ငွေထုတ်ဖူးသူတစ်ဦးက ပြောသည်။ တစ်ခါထုတ်လျှင် ငါးသိန်းကျပ် ရရှိသည်ဟု ဆိုသည်။

ကမ္ဘာ့ရတနာဘဏ်တွင် ဘဏ်အပ်နှံငွေများကို အကန့်အသတ်ဖြင့်သာထုတ်ပေးပြီး ငွေစုစာအုပ်ထဲရှိ ငွေပမာဏ အပေါ်မူတည်ကာ ထုတ်ပေးကြောင်း ယင်းဘဏ်မှ သိရသည်။ တစ်ပတ်လျှင်တစ်ကြိမ် ထုတ်ပေးသည်ဟု ဆိုသည်။

ဥပမာ ဘဏ်အကောင့်ထဲတွင် ကျပ်သိန်းသုံးရာရှိပါက တစ်ကြိမ်ထုတ်လျှင် သုံးသိန်းကျပ်နူန်း၊ ကျပ်သိန်းငါးရာ ရှိပါက ငါးသိန်းကျပ်နူန်း စသည်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ထုတ်ပေးသည်ဟုဆိုသည်။

ယင်းကဲ့သို့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲရှိ ငွေများကို ထုတ်ယူရ ခက်ခဲနေသဖြင့် ကျန်းမာ‌ရေး၊ လူမူရေး၊ စီးပွား‌ရေးတို့အတွက် ငွေအလုံးအရင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့်ကိစ္စများတွင် ပြည်သူများ ယနေ့ အချိန်အထိ အခက်တွေ့နေကြဆဲဖြစ်သည်။

“ငွေပမာဏများများ ပေးစရာရှိတယ်ဆိုရင် တော်တော်စိတ်ညစ်ရတယ်။ နောက်ဆုံးတော့ ရာခိုင်နှုန်း ပေးပြီးပဲ ထုတ်လိုက်ရတယ်” ဟု မြေအရောင်းအဝယ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ငွေအလုံးအရင်းဖြင့် သုံးစွဲရန် လိုအပ်သောအခါ ပြည်သူအချို့သည် အပြင်ဈေးကွက်ရှိ ရာခိုင်နှုန်းယူပြီး ငွေထုတ်ပေးနေသူများနှင့် ချိတ်ဆက်က ဘဏ်အပ်နှံငွေများ ထုတ်ယူကြရသည်။

ဘဏ်အပ်နှံငွေကို အပြင်ဈေးကွက်တွင် ရာခိုင်နှုန်းဖြင့် ထုတ်မည်ဆိုပါက ဘဏ်အမျိုးအစားပေါ်မူတည်ပြီ အနည်းဆုံး သုံးရာခိုင်နူန်းမှ အများဆုံး ၁၂ ရာခိုင်နူန်းအထိ ပေါက်ဈေးရှိကြောင်း ရာခိုင်းနူန်းဖြင့် ငွေထုတ်ပေးနေသူတစ်ဦးက ဆိုသည်။

ဘဏ်အပ်ငွေများကို ရာခိုင်နှုန်းဖြင့် ထုတ်ပေးသည့် ဈေးကွက်ကို ဘဏ်ဝန်ထမ်းတို့ ပါဝင်နေကြောင်း ပြည်သူအချို့က ပြောဆိုနေကြသော်လည်း ဘဏ်ဝန်ထမ်းအချို့ကမူ ယင်းအပေါ် ငြင်းဆိုကြသည်။

“ဘဏ်ဝန်ထမ်းတွေ ရာခိုင်နူန်းနဲ့ ငွေထုတ်ပေးရာမှာ ပါရင် အလုပ်ထုတ်မယ်လို့ စည်းကမ်းသတ်မှတ် ထားတယ်” ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

အာဏာသိမ်ပြီးနောက် ပြည်သူများမှာ ဘဏ်အပ်ငွေများကို စိတ်မချတော့သဖြင့် တိုးဝှေ့တန်းစီ ထုတ်ယူခဲ့ကြပြီး ယနေ့အချိန်အထိလည်း ပုံစံအမျိုးမျိုးဖြင့် ထုတ်ယူနေကြဆဲဖြစ်သည်။

ယင်းသို့ ငွေထုတ်ယူကြသဖြင့် ဘဏ်များက ငွေထုတ်ပေးသည့် ပမာဏနှင့် အကြိမ်ရေတို့ကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။