ထိုင်း တည်းခိုခန်းတစ်ခုတွင် အဖမ်းခံရသည့် မြန်မာ ၄၀ကျော်အနက် ကိုးဦးတွင် ကိုဗစ်တွေ့

0
271

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးအနက် ကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် မတ်လ ၁ရက်နေ့က ဖမ်းမိခြင်းဖြစ်ကြောင်း မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

၄၅ ဦးအနက် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၂ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ကို တရားမစွဲမီ ကွာရန်တင်းစခန်းသို့ ပို့ပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာ ကိုးဦးတွင် ပိုးတွေ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၄၅ ဦးသည် တစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ် နှစ်သောင်း (မြန်မာကျပ် ဆယ်သိန်းကျော်) ပေးခဲ့ရပြီး ကော့သောင်းမြို့မှ ရေလမ်းကြောင်းဖြင့် ရနှောင်းမြို့သို့ ဝင်ရောက်လာကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းမိပါက ကိုဗစ်ပိုး ရှိမရှိ ဦးစွာ စစ်ဆေးပြီး ယင်းနောက် ဥပဒေအရ အရေးယူလေ့ရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကော့သောင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

FED သည် ထိုင်း‌တောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသည့် ဖောင်ဒေးရှင်းဖြစ်သည်။

၂၄ နာရီ စောင့်ကြည့်ချိန်တွင် ပိုးမတွေ့သူများကို သက်ဆိုင်ရာနယ်မြေ အချုပ်သို့ ပို့ဆောင်ပြီး တစ်ပတ် အတွင်း တရားရုံးတင်ကာ ‌ထောင်ဒဏ် ၄၅ ရက်နှင့် ဒဏ်ငွေ ဘတ်နှစ်ထောင် အမိန့်ချမှတ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ပိုးတွေ့သူတို့များကိုမူ ဆေးဝါးကုသပေးပြီးမှ ဥပဒေအရ အရေးယူကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ကိုဗစ် ကူးစက်ပြန့်ပွားချိန်တွင် ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များကို ပိတ်လိုက်ပြီး နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ တင်းတင်းကျပ်ကျပ် စိစစ်ဖမ်းဆီးနေခြင်းဖြစ်သည်။