စက်သုံးဆီဈေး တစ်လီတာ ၂၀၀၀ ကျော်ပြီ

0
520

တရိပ်ရိပ်တက်နေသော စက်သုံးဆီဈေးနူန်းသည် အကျမရှိတော့ဘဲ လက်ရှိတွင် တစ်လီကျပ် ၂၀၀၀ ကျော် အထိသို့ပင် မြင့်တက်လာကြောင်း ထားဝယ် စက်သုံးဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ထားဝယ်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၀၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ် ဈေးပေါက်နေကြောင်း စက်သုံး ဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။

ယင်းသို့ စက်သုံးဆီဈေးနူန်း ဆက်တိုက်မြင့်တက်လာသဖြင့် ထားဝယ်မြို့ရှိ စက်သုံးဆီပိုင်ရှင်များအသင်း တွင် ဆီဈေးကိစ္စ အစည်းအဝေးတစ်ရပ် လုပ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

“အခု‌ဆီဈေးတက်နေတာက အရမ်းရုပ်ဆိုးသွားပြီ။ အဲဒါကြောင့် နောက်ထပ်ဈေး ထပ်မတတ်နိုင်အောင် အစည်းအဝေး ခေါ်မယ်လို့တော့ ပြောသံကြားရတယ်” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီဈေးနူန်း မြင့်တက်မူကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူများ၊ တက္ကစီယာဉ်မောင်းများ အပါအဝင် စက်သုံးဆီကို အသုံးပြုနေရသည့် အလုပ်အများအပြား တွက်ခြေ မကိုက်တော့ဘဲ ရုန်းကန်နေကြရကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။

“အခုဆီဈေးက ပြည်သူတွေကို ပိုပြီး ပင်ပန်းစေတယ်” ဟု သုံးဘီယာဉ်မောင်းတစ်ဦးက ဆိုသည်။

နဂိုကပင် လယ်ယာ သွင်းအားစုများ ဈေးတက်ခြင်းကြောင့် အထိနာနေသည့် လယ်သမားအချို့မှာလည်း ယခုစက်သုံးဆီဈေးအတိုင်းအဆိုပါက လယ်လုပ်ငန်းကို စွန့်ခွာရတော့မည် ဖြစ်ကြောင်း ညည်းတွားနေကြ သည်။

“မြေဩဇာဈေးက သုံးဆလောက် တက်နေပြီ။ ဒီကြားထဲ ဆီဈေးကပါ ထပ်တက်နေတယ်ဆိုတော့ ဒီနှစ် လယ်မလုပ်နိုင်တော့ဘူး” ဟု လောင်းလုံးမြို့နယ်က လယ်သမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်းကပင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းပြီး လက်ရှိတွင် ရုရှား -ယူကရိန်း အရေးကြောင့် ဆီဈေး ထပ်မံလိုက်ပါမြင့်တက်နေခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။