ထားဝယ်တွင် ကိုဗစ်သေဆုံးလူနာ စတင်တွေ့ရှိပြီးနောက် မြို့ဝင်ထွက် ဂိတ်တွင် ဆေးထိုးလက်မှတ်ပြန်စစ်

0
228

ထားဝယ်တွင် ကိုဗစ်သေဆုံးလူနာ စတင်တွေ့ရှိရပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ မြို့အဝင်အထွက်ဂိတ်များတွင် ကိုဗစ်ဆေးထိုးပြီးကြောင်း လက်မှတ်အပါအဝင် မှတ်ပုံတင်လည်း စစ်ဆေး နေသည်ဟု ဒေသခံတို့ထံမှသိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် ရေဖြူမြို့နယ်မှ အသက် ၅၉ နှင့် အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် လောင်းလုံးမြို့နယ် လေးသွန်းခံရွာမှအသက် ၆၀ အရွယ်ခန့် အမျိုးသမီးတို့သည် ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ထားဝယ်နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ မြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးထိုးပြီးလက်မှတ်အပါအဝင်၊ မှတ်ပုံတင်၊ ထောက်ခံစာများလည်း စစ်ဆေးနေကြောင်း ခရီးသွားဒေသခံများက ပြောသည်။

“ကမြောကင်းတံတားဂိတ်မှာ စစ်တယ်။ ဆေးထိုးလက်မှတ် မပါရင် ပြန်သွားယူခိုင်းတယ် မြို့ထဲပေးမဝင်ဘူး”ဟု ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာနေသော လောင်းလုံးမြို့နယ်မှ ဒေသခံတစ်ဦးက ပြေသည်။ ကမြောကင်းတံတားသည် လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့ကို ဆက်သွယ်ပေးထားသော ထားဝယ်မြစ်ကူး တံတားတစ်စင်း ဖြစ်သည်။

မူလက မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ထိုသို့‌စစ်ဆေးမှုများ ရှိသော်လည်း နောက်ပိုင်းတွင် မော်တော်ဆိုင်ကယ် တွန်း၍ လမ်းလျှောက် စေခြင်းမျိုးသာ တွေ့ရပြီး တိုင်းအတွင်းကိုဗစ်လူနာနှင့် သေဆုံးလူနာ ပြန်လည် တွေ့လာရပြီးနောက် ထားဝယ် မြို့ဝင်ထွက်ဂိတ်များတွင် ပြန်လည် ထိုသို့ ‌စစ်ဆေးကြပ်မတ်လာခဲ့သည်။

ဖေဖော်ဝါရ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်မူ ကမြောကင်းတံတား စစ်ဆေးရေးဂိတ် အပါအဝင် ပေါက်တိုင်းတံတားဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်နှင့် ဗျောတောဝဂိတ်များတွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ မှတ်ပုံတင် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါမပါ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။