မွန်တွင် ကိုဗစ်လူနာ သေဆုံးမှု တိုးလာ

0
201

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေပြီး သေဆုံးမှုလည်း တိုးလာနေကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက်မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လူနာ ၃ ဦး၊ ၂၁ ရက်နေ့က ၂ ဦးနှင့် ၂၂ ရက်နေ့က ၄ ဦး ဆက်တိုက်သေဆုံးခဲ့သည်။

သေဆုံး အတည်ပြုလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် သက်ကြီးပိုင်းများ ဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ အတည်ပြုလူနာ သေဆုံးတာတွေ ဆက်တိုက်ရှိလာတယ်၊ အများစုက ရောဂါအခံရှိတယ်တဲ့ လူကြီးတွေ အသက် ၇၀ ကျော်၊ ၅၀ ကျော်တွေဖြစ်တယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် အတည်ပြုလူနာ သေဆုံးမှုရှိနေသည့်အပြင် နေအိမ်တွင် သေဆုံးသည့်အတည်ပြုလူနာများလည်း ရှိနေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းခန့်မှစကာ ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိခဲ့လာပြီး ဖေဖော်ဝါရီလတွင် ကိုဗစ်ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရိ ၂၀ အထိ မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိသည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာ အရေအတွက်ထက် မြေပြင်တွင် ပိုးတွေ့လူနာ ပိုများနိုင်သည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်းတွေ့ရှိလာနေသည့်အတွက် မပေါ့ဆကြရန်နှင့် ကျန်းမာရေးအသိရှိကြရန် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်။