မြို့နယ်ငါးခုက စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများလိုအပ်

0
303
ပုံစာ - ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံအချို့

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ငါးခုက စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ စော်ဖျားရွာ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူအချို့က ပြောသည်။

တိုင်းအတွင်း စစ်ဘေးရှောင်စခန်းများမှာ ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် နှစ်ခု၊ ပုလောမြို့နယ်တွင် တစ်ခု စုစုပေါင်း နေရာ သုံးခုသာရှိကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။

ထားဝယ်၊ ရေဖြူ စစ်ရှောင်စခန်း နှစ်ခုနှင့် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ အဝတ်အထည်နှင့် နေထိုင်ရန် အဆောက်အအုံများ လိုအပ်နေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ဘက်မှာဆိုရင် စစ်ရှောင်စခန်းမှာ ဒီလအတွက် စားနပ်ရိက္ခာ ပြတ်နေတာရှိတယ်။ ဆန်အိတ်နှစ်အိတ်သုံးအိတ်ပဲ ကျန်ပြီ။ လူဦးရေက သုံးလေးရာကျော်လောက် ရှိသေးတာကို။ အဲဒီတော့ စားဝတ်နေရေးအတွက် တော်တော်လေး ခက်ခဲနေတဲ့ အခြေအနေမှာ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် လက်ရှိတွင် မိုးရွာနေသဖြင့် အမိုးအကာများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံက သိရသည်။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသူများမှာ ၂၀၀၀ ဝန်းကျင်သာရှိပြီး ကျန်စစ်ဘေးရှောင်များမှာ နီးစပ်ရာ ဆွေမျိုးများ၊ တောတောင်နှင့် ဥယျာဉ်ခြံများတွင် အဆင်ပြေသလို စစ်ရှောင်နေကြကြောင်း ၎င်းတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပဝကျေးရွာအုပ်စုရှိ ဒေသခံ ၂၀၀၀ ခန့်မှာ နီးစပ်ရာ ကျေးရွာရှိ ဆွေမျိုးများ၊ တောတောင်နှင့် ဥယျာဉ်ခြံများသို့ ထွက်ပြေးတိမ်းရှောင်ရင်း စစ်ရှောင်နေကြရကြောင်း အဆိုပါ စစ်ဘေးရှောင်များကို ကူညီပေးနေသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“(စားဝတ်နေရေး) ခက်ခဲနေတယ်။ ပြင်ပအကူအညီလည်း အခုထိ မရောက်လာသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတိုင်းအတွင်း စစ်ရှောင်နေရသူများတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မီးဖွားပြီးစ မိခင်လောင်းများ၊ ကလေးသူငယ်များလည်း ပါဝင်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှသိရသည်။

စစ်ရှောင်များမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်အပြင် ယခုအခါ မိုးရွာနေသဖြင့် နေစရာ အဆောက်အအုံနှင့် အမိုးအကာများလည်း လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူအချို့က ပြောသည်။