ကမ်းဝေးငါးဖမ်းလှေ လေးရာကျော်ကို ငါးဖမ်းခွင့် တစ်လထပ်တိုးပေးရန် တောင်းဆို

0
1295

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ လေးပုံတစ်ပုံနီးပါးဖြစ်သည့် လှေလေးရာကျော်ကို ငါးဖမ်းကာလ တစ်လ ထပ်တိုးပေးရန် တောင်းဆိုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိသည့်အနက် ကင်းမွန်မီးထွန်းလှေ အပါအဝင် လှေအစီးရေ လေးရာကျော်အား တစ်လထပ်တိုးပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

၂၀၂၁ – ၂၀၂၂ ခုနှစ် ငါး မဖမ်းရရာသီကို လာမည့် ဧပြီ၊ မေ၊ ဇွန်လကို သတ်မှတ်လိုက်ပြီး အမျိုးအစား မတူညီသည့် လုပ်ငန်းများအတွက်လည်း သတ်မှတ်ကာလကို သီးခြားဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပသည့် အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်က တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ (ဝါတန်း) တစ်ရာကျော်နှင့် ကမ်းဝေးကင်းမွန်ငါးဖမ်းလှေ သုံးရာနီးပါးအား ဧပြီလကုန်အထိ ဖမ်းဆီး ခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

“တချို့ တိုင်းနဲ့ ပြည်နယ်တွေက နှစ်လတိုးပေးဖို့ တောင်းဆိုကြတယ်။ တနင်္သာရီတိုင်းအတွက်က တစ်လ တိုးပေးဖို့ပဲ တောင်းဆိုတာပါ။ ပေးမယ်လို့တော့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

တိုင်းအတွင်းရှိ ငါးဖမ်းလှေများအနေဖြင့် ယခုနှစ်အတွင်း လုပ်ငန်းလုပ်ဆောင်ရာတွင် စက်သုံးဆီ ဈေးကြီးမြင့်မှု၊ စားစရိတ်ကြီးမြင့်မှုတို့ကြောင့် အရှုံးနှင့် ရင်ဆိုင်နေကြရပြီး အချို့မှာ လုပ်ငန်း ရပ်နားထားရကြောင်း အဆိုပါအဖွဲ့ချုပ်နှင့် လှေရှင်များထံမှ သိရသည်။

ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်ပုံမှန် သတ်မှတ် ထားရာမှ စစ်ကောင်စီ တက်လာပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကစပြီး ငါးမဖမ်းရ ရာသီအား မေ၊ ဇွန်၊ ဇူလိုင်လသို့ တစ်လစီတိုးကာ ပြောင်းလဲသတ်မှတ်ခဲ့သည်။

တစ်နှစ်လျှင် တစ်လစီ ရှေ့တိုးသတ်မှတ်သဖြင့် ယခုနှစ်တွင် ငါးမဖမ်းရ ရာသီမှာ ဧပြီတွင် စတင်မည် ဖြစ်သည်။