မြိတ်တွင် လူ‌ ၄၀ ကျော် ကိုဗစ်ပိုးတွေ့

0
228

မြိတ်မြို့ စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လူ ၄၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကိုဗစ်လူနာများ သယ်ယူပို့ဆောင်ရေး ကူညီဆောင်ရွက်နေကြသည့် နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ပုသိမ်မြို့ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့မှ မှန်လုံမော်တော်ယာဉ်ကြီး သုံးစီးခန့်ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြသူတို့တွင် ကိုဗစ်ပိုး တွေ့ရှိခြင်းဖြစ်ကြောင်း သဲအင်းဂူရိပ်သာအနီးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ရိပ်သာမှာ တရားစခန်းရှိလို့ လာကြတာဖြစ်မယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာသည် မြိတ်-ကျွဲကူး ကားလမ်းမပေါ်တွင် တည်ရှိသည်။

မြိတ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၀ ဦး၊ ၁၀ ရက်နေ့တွင် ၂ ဦး၊ ၉ ရက်နေ့တွင် ၈ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။