မြိတ်တွင် လူ ၁၂၀ ကျော် ကိုဗစ်ပိုးတွေ့

0
680

မြိတ်မြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့သူ ၁၂၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/သေဆုံး လူနာစာရင်းကို ထုတ်ပြန်ရာတွင် မြိတ်မြို့၌ ကိုဗစ်ပိုး စစ်ဆေးသူ ၃၆၈ ဦးအနက် ၁၂၅ ဦးတွင် ပိုးတွေ့ရှိ ကြောင်း ဖော်ပြထားသည်။

မြိတ်တွင် ကိုဗစ်ပိုးတွေ့သူ ၁၂၅ ဦးအနက် စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ပိုးတွေ့ရှိသူ ၄၂ ဦးလည်း ပါဝင်သည်။ ယင်းသတင်းကို Dawei Watch က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖော်ပြပြီးဖြစ်သည်။

ပုသိမ်မြို့ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာအဖွဲ့က မှန်လုံမော်တော်ယာဉ်ကြီးတို့ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြခြင်းဖြစ်သည်။

ထို့အပြင် ကော့သောင်းမြို့တွင် ပိုးတွေ့သူ ၂၀ ဦး၊ ထားဝယ်တွင် ၁၁ ဦး၊ ရေဖြူတွင် လေးဦး၊ သရက်ချောင်းတွင် တစ်ဦး ရှိသဖြင့် တိုင်းအတွင်း စုစုပေါင်း ၁၆၁ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်မှ အခြားမြို့သို့ နေ့စဉ်ခရီးသွားသူတို့နှင့် အခြားဒေသတို့က ကုန်လမ်း၊ လေကြောင်းလမ်းတို့မှ ဝင်ရောက်လာသူတို့တွင် ကိုဗစ်ပိုးတွေ့ရှိနေရကြောင်း နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။

မြိတ်တွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၀ ဦး၊ ၁၀ ရက်နေ့တွင် နှစ် ဦး၊ ၉ ရက်နေ့တွင် ရှစ်ဦးရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။