မိုင်တဲတာဝါတိုင် မိုင်းခွဲခံရမှုတွင် အဖမ်းခံရသူငါးဦးအနက် တစ်ဦးကို အလောင်းပြန်ပို့

0
343

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရမှုနှင့်ပက်သက်ပြီး အဖမ်းခံရသူငါးဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (ဇန်နဝါရီ ၁၅) နံနက် ၁၁ နာရီခွဲတွင် မိသားစုထံ လာပို့ကြောင်း ဒေသခံ အချို့ထံက သိရသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်က မိုင်းခွဲခံရပြီး နေ့လယ်ပိုင်းတွင် ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာ ရာအိမ်မှူး ဦးဉာဏ်ရှိန်အပါအဝင် ဦးခင်မောင်လွင်၊ ဦးမောင်လေး၊ ဦးရည်ကြို၊ ရှင်မုတ္ထီးရွာမှ ဦးကျော်ငွေတို့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စော်ဝရွာသားတစ်ဦးက ပြောသည်။

ရှင်မုတ္ထီးကျေးရွာနှင့် စော်ဝကျေးရွာတို့မှာ ရွာချင်းကပ် ဖြစ်သည်။

ယင်းနောက် အဖမ်းခံရပြီး ၅ ရက်အကြာတွင် ဦးခင်မောင်လွင်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က မိသားစုထံ လာပို့ခြင်းဖြစ်ကြာင်း စော်ဝရွာသားတစ်ဦးက ဆိုသည်။

ဦးခင်မောင်လွင်မှာ အသက် ၅၀ အရွယ်ဖြစ်ပြီး စော်ဝရွာ အဝင်ဝတွင် ဆီဆိုင်ဖွင့်ထားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဦးခင်မောင်လွင်မှာ ဇန်နဝါရီလ ၁၄ ရက်ကပင် သေဆုံးခြင်းဖြစ်ပြီး ယနေ့မှသာ အလောင်းလာပို့ခြင်း ဖြစ်သည်ဟု ကျေးရွာအတွင်း ပြောဆိုနေကြကြောင်း ရှင်မုတ္ထီးရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

သွေးတိုးမြင့် သေဆုံးခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်က လာပို့သူများကို ပြောဆိုခဲ့ပြီး စရောက်သည့် နေ့ကပင် သုံးရက်စလုံး ထမင်းမကျွေးဟုလည်း ကျေးရွာအတွင်း ပြောဆိုနေကြကြောင်း သေဆုံးသူ မိသားစုနှင့် ရင်နှီးသည့် ရှင်မုတ္ထီးကျေးရွာသားတစ်ဦးက ပြောသည်။

အလောင်းတွင် ဒဏ်ရာများ ပါရှိခြင်း ရှိမရှိကို အထက်ပါဒေသခံများကို မေးမြန်းရာ သွားရောက် မကြည့်ရှုရသေးသဖြင့် မသိရသေးကြောင်း ပြောဆိုသည်။

အဖမ်းခံရသူ ငါးဦးအနက် ကျန်လေးဦးမှာလည်း ယနေ့ထိ ပြန်မလွတ်လာသေးကြောင်း စုံစမ်းသိရှိရသည်။

မိုင်းခွဲခံရသည့် မိုင်တဲတာဝါတိုင်မှာ ပြိုကျသွားခြင်းမရှိသော်လည်း အောက်ခြေဖောင်ဒေးရှင်း ပျက်စီးသွားပြီး မိုင်တဲ Wifi များနှင့် မိုင်တဲ ဝန်ဆောင်မှုများ ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှင်မုတ္ထီးတိုက်ကျောင်းနှင့် ဘုရားရွှေဆင်းတု ကြားတွင်ရှိသည့်လမ်းကြား အနောက်ဘက်ရှိ လယ်ထဲတွင် စိုက်ထူထားသည့် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရခြင်းဖြစ်သည်။