မြိတ်တွင် နှာခေါင်းစည်းမတပ်လျှင် ဒဏ်ငွေရိုက်ပြန်

0
163

နှာခေါင်းစည်းတပ်လျှင် အရေးယူခံရဖူးသည့် မြိတ်မြို့တွင် ယခု နှာခေါင်းစည်း မတပ်လျှင် ငွေဒဏ် ရိုက်နေပြန်ပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

မြိတ်မြို့ပေါ်ရှိ လူစည်ကားရာ လမ်းများပေါ်တွင် နှာခေါင်းစည်း မတပ်ဘဲ သွားလာသူများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်ပြီး ဒဏ်‌‌ငွေရိုက်နေခြင်းဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

နှာခေါင်းစည်း မတပ်သူတစ်ဦးလျှင် ဒဏ်‌ငွေ ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ် စသဖြင့် ပေးဆောင်နေရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

လတ်တလောတွင် နှာခေါင်းစည်း မတပ်သူတို့အား အရေးယူခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးကြောင့် လက်မှတ် မပါသူများကိုပါ သောင်းဂဏန်းအထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအသိုင်းအဝိုင်းအဝိုင်းထံမှ သိရသည်။

ယင်းသို့ အရေးယူမည့် အကြောင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့က မော်တော်ယာဉ်ဖြင့် လိုက်လံကြေညာခဲ့ကြောင်း ကန်ဖျားရပ်နေကွက်နေသူအချို့က ပြောသည်။

နှာခေါင်းစည်း မတပ်သူတို့အား ဒဏ်ငွေရိုက်ခြင်းကို သက်ဆိုင်ရာရပ်ကွက်တို့ရှိ အုပ်ချုပ်ရေးဘက် တာဝန်ရှိ သူတို့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်တို့က မြို့ပေါ်လမ်းအချို့တွင် ရှောင်တခင်ပုံစံဖြင့် စစ်ဆေးပြုလုပ်နေခြင်း ဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စုနေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“လူအများနဲ့ အလှူပွဲတွေလည်း လုပ်နေကြတယ်။ နှာခေါင်းစည်းလည်း ဖမ်းတယ်။ ဘယ်လိုမှန်း မသိတော့ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် နှစ်လဝန်းကျင်ကမူ နှာခေါင်းစည်း တပ်ဆင်ထားသူတို့အား လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဒဏ်ငွေ ငါးထောင်ကျပ်အထိ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ဖူးကြောင်း မြို့ခံအချို့က ပြောပြသည်။

လက်တလောတွင် လူစုလူဝေးဖြစ်သည့် စာသင်ကျောင်းများ ဖွင့်လှစ်ထားခြင်း၊ အလှူပွဲ၊ မင်္ဂလာပွဲတို့အား ခွင့်ပြုထားပြီး နှာခေါင်းစည်းနှင့် ကိုဗစ်လက်မှတ် မပြနိုင်သူများကို စစ်ဆေး ဒဏ်ရိုက်ခြင်းသည် ရှေ့နောက် ကိုက်ညီမှု မရှိဖြစ်နေကြောင်း မြို့ခံအချို့က မှတ်ချက်ပြုကြသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့သူ နေ့စဉ် ရှိနေပြီး ပြည်ပမှ လာသူများတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ပိုးတွေ့သူများ ရှိနေသည်။