ပုလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးဟုPDFထုတ်ပြန်

0
200

မြိတ်ခရိုင် ပုလောမြို့နယ်၌ အပြင်းအထန် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပုလော PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၇ ရက် ညနေ ဆားခဲရွာတွင် တိုက်ပွဲ တစ်ကြိမ်၊ ဇန်နဝါရီလ ၈ ရက် ည ၇ နာရီခွဲခန့်က ပဝတ်ဖျားရွာတွင် တစ်ကြိမ်ဖြစ်ပွားကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပဝတ်ဖျားရွာ တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ကြောင်း PDF က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲနှစ်ကြိမ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရကာ ၈ ဦးခန့်မှာ အရေးပေါ်ကုသနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုလော PDF-PRDF နှင့် KNU တပ်ဘက်ကမူ အထိခိုက်အကျအဆုံး မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီတပ်က မီးရှို့သဖြင့် ပဝတ်ဖျားရွာရှိ အနည်းဆုံး နေအိမ် ငါးလုံးခန့် မီးလောင်ကျွမ်း ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသေဆုံး ဒဏ်ရာရရှိမှု၊ မီးလောင်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကမူ ထုတ်ပြန်ထားခြင်း မရှိသေးသလို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးအကြိမ်ရေ အများအပြားလည်း ပစ်ခတ်ခဲ့သည်ကို ည ၁၀ နာရီဝန်းကျင်အထိ ကြားရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွားရာ နေရာသည် KNU တပ်မဟာ (၄) ၏ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိကြောင်း ဒေသခံများထံမှ သိရသည်။