ကားမှောက်၍ သေဆုံးသည့် မြန်မာလုပ်သားသုံးဦးအတွက် အာမခံကြေးထုတ်ရန် သံအရာရှိရုံးနှိုးဆော်

0
195

ထိုင်းနိုင်ငံတွင် ကားမှောက်၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားသုံးဦးအတွက် အာမခံလျော်ကြေးငွေများ ထုတ်ယူရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် နှိုးဆော် အသိပေးချက် ထုတ်ပြန်ထားသည်။

အယုဒ္ဓယခရိုင်၊မဟာရတ်မြို့နယ်တွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၇ နာရီအချိန်က မြန်မာအလုပ်သမား ၁၈ ဦးကို တင်ဆောင်လာသည့်ကား တိမ်းမှောက်ခဲ့ရာ သုံးဉီးသေဆုံးသွားကြောင်း အဆိုပါရုံးထံမှ သိရသည်။

သေဆုံးခဲ့သူများမှာ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာက ဦးစိန်ဝင်း၏ သားဖြစ်သူ မောင်ရူပ၊ ဘီးလင်း မြို့နယ် ကျခတ်ချောင်းကျေးရွာက ဦးတင်မြင့်၏ သားဖြစ်သူ မောင်လင်းထက်ဦး၊ ဥတ္တရသီရိမြို့နယ် မိုးစွေရွာက ဦးမြင့်ဦး၏ သားဖြစ်သူ ဦးတင်ဇင်ဦးတို့ ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြသည်။

၎င်းတို့ သုံးဦးအတွက် မော်တော်ယာဉ်ထိခိုက်မှု အာမခံလျော်ကြေးများကို ထုတ်ယူနိုင်ရေး မိဘဆွေမျိုး များအား ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ပေးအပ်ပါရန် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိ ရုံး (အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office) Facebook စာမျက်နှာတွင် နှိုးဆော်ရေးသား ထားပါသည်။

အာမခံလျော်ကြေးအတွက် Thaisri Insurance Public ကုမ္ပဏီနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။

ရုပ်အလောင်းများကို သင်္ဂြိဟ်နိုင်ရေးအတွက် ကူညီပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအနေနှင့် ဆက်သွယ်ပေးရန်လည်း သံအရာရှိရုံးက မေတ္တာရပ်ခံထားသည်။

ကားမှောက်ရာတွင် အသက်မသေဘဲကျန်ရစ်သည့် အလုပ်သမား ၁၅ ဦးကိုလည်း အယုဒ္ဓယ- မဲဆောက်မှ တစ်ဆင့် မြန်မာဘက်ခြမ်း မြဝတီမြို့သို့ ပြန်လွှဲပေးရန် စီစဉ်နေကြောင်းလည်း ရေးသားထားသည်။

ဓါတ်ပုံ – မြန်မာအလုပ်သမားသံအရာရှိရုံး