မုဒုံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦး ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရ

0
411

မွန်ပြည်နယ် မုဒုံမြို့က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဆန်းလင်းဦးကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်တွင် ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ကိုဆန်းလင်းဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရပြီးနောက် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးတွင် ထောက်ဒဏ် တစ်နှစ်ခွဲ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်အချို့ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသခံ PDF တို့နှင့် ပတ်သက်နေသည်ဆိုသည့်စွပ်စွဲချက်နှင့် စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ထိုသို့ ဖမ်းဆီးမှုများ ပြုလုပ်လာသဖြင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်အချို့မှာ ဖမ်းဆီးခံရပြီး အချို့မှာ တိမ်းရှောင်နေရသည်။

ဒီဇင်ဘာ ၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းကို ထောင်ဒဏ်တစ်နှစ်နှင့် သုံးလ အမိန့်ချခဲ့သည်။

ယာယီတပ်ရင်းမှူး အပါအဝင် စစ်သား ခြောက်ဦး၏ ရုပ်အလောင်းအား ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။