လောင်းလုံးတွင် အမျိုးသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေး၊ ဇနီးသည်အပါအဝင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

0
221

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ဒီဇင်ဘာလ ၂၉ ရက်ညက အမျိုးသားတစ်ဦး လက်ထိပ် တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်း၏ဇနီးသည်အပါအဝင် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ဆယ်ကျော်ဝန်းသည် ကမြောကြီးကျေးရွာတောင်ပိုင်းရှိ ဦးဌေးဝင်းနေအိမ်နှင့် ကိုအာကာဖြိုးနေအိမ်တို့ကို ဝင်ရောက်ရှာဖွေရာ ဦးဌေးဝင်းကို မဖမ်းမိဘဲ ကိုအာကာဖြိုးကိုသာ ဖမ်းမိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သို့သော် ကိုအာကာဖြိုးကို ဖမ်းဆီးထားစဉ် လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။

ထိုနောက် ဒီဇင်ဘာလ ၃၀ ရက် နံနက်တွင် ဦးဌေးဝင်း၏ဇနီး မညိုပြာနှင့် ကိုအာကာဖြိုး၏ ဇနီးဖြစ်သူ မစုမြတ်မွန်တို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါအမျိုးသားက ပြောသည်။

“သေနတ် လေးချက်လောက် ဖောက်တယ်ဗျာ။ ညကတည်းကနေ မနက်ပိုင်းအထိရှာနေတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ဖမ်းဆီးရာတွင် ဦးဌေးဝင်းမိသားစုပိုင် အိမ်စီးကားတစ်စီးကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ဆိုသည်။

ဒေသခံအချို့ကမူ ဖမ်းဆီးခံရသည့် မိသားစုဝင်များမှာ နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ အခြားအမှုကိစ္စ ဖြစ်နိုင်သည်ဟု ပြောဆိုကြသော်လည်း ယင်းပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကမြောကြီးကျေးရွာအုပ်စုတွင် ကမြောကြီး၊ ကဘူ၊ ဆင်ကူးပြင်၊ ဆိပ်ပင်အင်းစသည့် ကျေးရွာများပါဝင်ပြီး ကမြောကင်းတံတားအနီးတွင် တည်ရှိသည်။