ဂျလန်းကျွန်းဆရာတော်၏ အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်

0
335

မော်ကင်း (ခေါ်) ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၏ ဥတုဇရုပ်ကလာပ်မှ ကြွင်းကျန်ရစ်သော အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်ဖြစ်ကြောင်း ဂျလန်းကျွန်း လက်ရှိကျောင်းထိုင်ဆရာတော်ဖြစ်သော ဒေါက်တာအရှင်ပညာသီရိက မိန့်ကြားသည်။

မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နယ်အတွင်းရှိ ဂျလန်းကျွန်းတွင် သာသနာပြုခဲ့သည့် ဂျလန်းကျွန်းဆရာတော်၏ အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင်ကို ဆရာတော်၏ မွေးရပ်ဇာတိ ဖြစ်သည့် မန္တလေးတိုင်း သာစည်မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။

သာစည်မြို့နယ် အင်းဝင်းကျေးရွာရှိ ဆရာတော် ဦးစီးတည်ထောင်ခဲ့သည့် ကျောက်တောင် ကျောင်းတိုက်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင် ပညာသီရိက မိန့်ကြားသည်။

ဂျလန်းကျွန်းဆရာတော်၏ မွေးရပ်မြေဖြစ်သည့် သာစည်မြို့နယ် ဘိုကုန်းကျေးရွာမှ ဆရာတော်၏ အရိုးပြာအား ကရဝိတ်ယာဉ်ဖြင့် အင်းဝကျေးရွာရှိ ကျောက်တောင်ကျောင်းတိုက်သို့ ပင့်ဆောင်မည် ဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင်ပညာသီရိက မိန့်သည်။

ဂျလန်းကျွန်းဆရာတော်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က ကိုဗစ်ရောဂါဖြင့် သက်တော် ၄၅ နှစ်၊ သိက္ခာတော် ‌၂၅ ဝါတွင် သာစည်မြို့ ပြည်သူ့ဆေးရုံတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော် ပျံလွန်တော်မူသည့်အချိန်က ကိုဗစ်ကာလဖြစ်နေသည့်အတွက် ဇာပနာ အခမ်းအနားအား မကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင်ပညာသီရိက မိန့်ကြားသည်။

ဆရာတော် ဒေါက်တာ အရှင်ပညာသီရိသည် မွန်ကျောင်းဆရာတော်အဖြစ် လူသိများပြီး ဂျလန်းကျွန်း ကျောင်းထိုင်အသစ်ဖြစ် ဆလုံသာသနာပြုလုပ်ငန်းတို့အား ဆက်လက်ဆောင်ရွက်နေသည့် ဆရာတော် ဖြစ်သည်။

“အရိုးပြာကို ဇာပနာပွဲ‌လေးကျင်းပပြီး အုတ်ဂူသွင်းပါမယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ဂျလန်းကျွန်းဆရာတော်၏ ဥတုဇရုပ်ကလာပ်မှ ကြွင်းကျန်သော အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကိဠနပူဇာသဘင်အား ဆရာတော်၏ မိသားစုနဲ့အတူ ဒါယကာ၊ ဒါယိကာမတို့ ဆန္ဒအရ ပူဇော်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ပျံလွန်တော်မူသွားသည့် ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိသည် ဆလုံလူမျိုးတို့နေထိုင်ရာ ကော့သောင်းမြို့နယ် ဂျလန်းကျွန်းသို့ ၂၀၀၇ ခုနှစ်တွင်စတင် ရောက်ရှိပြီး ဆလုံလူမျိုးတို့၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုပရဟိတအရေးတို့ကို ဆောင်ရွက်ခဲ့သည်။

၎င်းသည် တနင်္သာရီတိုင်းအတွင်း လူအများကြည်ညိုခံရသည့် ဆရာတော်တစ်ပါးဖြစ်သည်။

ဆရာတော်ရရှိထားသည့် ဘွဲ့ထူးတို့မှာ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ ဖြစ်ပြီး B.Sc Zoology ဖြင့်လည်း ဘွဲရထားကာ နိုင်ငံကျော်နယ်လှည့် ဓမ္မကထိကလည်း ဖြစ်သည်။

ဆရာတော် ဦးစီးတည်ထောင်ခဲ့သည့် ကျောင်းများမှာ ဂျလန်းကျွန်း ဆလုံရွာတွင် တစ်ကျောင်း၊ကော့သောင်းမြို့ ၅၅၅တောင်တွင် တစ်ကျောင်း၊ မြိတ်မြို့ တရုတ်တန်းရပ်ကွက်တွင် တစ်ကျောင်း၊မောတောင်နယ်စပ်တွင် တစ်ကျောင်း၊ သာစည်မြို့ ကျောက်တောင်ကျောင်း စုစုပေါင်း ငါးကျောင်း ရှိသည်။