ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လာသူလေးဦးနှင့် ငါးဖမ်းလှေသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့

0
210

ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံပြီး ပြန်လွှဲခံရသူ လေးဦးနှင့် လှေမြုပ်ရာမှ ကယ်ဆယ်ထားသည့် ငါးဖမ်းလှေလုပ်သားတစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရကြောင်း ၎င်းတို့အား ကူညီလုပ်ဆောင်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၆ ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်း ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအနက် အမျိုးသား ၁၆၆ ဦးကို ကော့သောင်းမြို့ မိုးကုတ်ဝိပဿနာရှိ ကွာရန်တင်းစင်တာတွင် ထားရှိခဲ့ကြောင်း အထက်ပါအဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ အမျိုးသားများအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နှာခေါင်းတို့ဖတ် ရယူစစ်ဆေးသည့် (RTD Test Kid) နည်းဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ လေးဦးတွင် ပိုးတွေ့ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ထိုင်း – မြန်မာရေစပ်အနီးတွင် လှေမြုပ်ရာမှ ကယ်ဆယ်ထားသည့် လှေသား ခြောက်ဦးကို စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။

အထက်ပါ ကိုဗစ်ပိုးတွေ့လူနာ ငါးဦးကို ကော့သောင်းမြို့ဆေးရုံသို့ တင်ပို့ထားကြောင်း ၎င်းက ပြောသည်။

“အကုန်လုံး ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ကနဦးစစ်ဆေးစဉ် ပိုးမတွေ့သူများကိုလည်း ဒီဇင်ဘာလ ၃၁ ရက် (ယနေ့) တွင် လည်ချောင်းနှင့် နှာခေါင်း တို့ဖတ်စစ်ဆေး (PCR) မည်ဖြစ်ပြီး သုံးရက်ခန့်ကြာမှ အဖြေသိရမည်ဖြစ်ကြောင်း အထက်ပါ ဥက္ကဋ္ဌက ဆိုသည်။

ထိုင်းနိုင်ငံမှ ပြန်လွှဲပေးသူ၂၄၆ ဦးအနက် ကော့သောင်း မိုးကုတ်ဝိပဿနာတွင် အမျိုးသား ၁၆၆ ဦးထားရှိပြီး မြိတ်နှင့် ထားဝယ်ခရိုင်နေသူ ၃၀ ဦးကျော်ကိုမူ သက်ဆိုင်ရာ ခရိုင်အလိုက် လွှဲပေးလိုက်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အမျိုးသမီး ၃၀ ကျော်ကိုမူ ခမောက်ကြီးမြို့ရှိ ကွာရန်တင်းစင်တာတွင် သီးသန့်ခွဲထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက ထိုင်းနိုင်ငံဘက်မှ ပြန်လွှဲသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ခဲ့သေးသည်။