မြိတ် မြကမ်းသာရွာက ပြောင်းရွှေ့ခံရသူများ ယာယီအိမ်ဆောက်ရေးနှင့် သွားလာရေးခက်ခဲနေ

0
205

မြိတ်မြို့တွင် မြကမ်းသာရွာဟု ခေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံလိုက်ရသည့် လူရှစ်ရာကျော်အတွက် အစားထိုးပေသည့်မြေမှာ ဓနိတောမြေဖြစ်နေပြီး ယာယီအိမ်ဆောက်ရန်နှင့် လမ်းပန်းသွားလာရေး အခက်အခဲရှိနေကြောင်း အကူအညီပေးနေသူများနှင့် ရွာသားများထံမှ သိရသည်။

ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကမ်းသာကျေးရွာဟု အမည်တပ်ခေါ်သည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။

ကုမ္ပဏီက အစားထိုးနေရာချပေးသည့် နေရာကို ပြောင်းရွှေ့လာသူအချို့မှာ ယာယီအိမ်များ စတင်ဆောက်လုပ်နေကြပြီဖြစ်ကြောင်း အကူအညီပေးနေ သူများနှင့် ရွာသားများထံမှ သိရသည်။

သို့သော် ငွေကြေးအခက်အခဲရှိသဖြင့် အများစုမှာ ယာယီအိမ်ဆောက်ရန် အခက်အခဲ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။

ကုမ္ပဏီက အစားထိုးချထားပေးသည့် မြေနေရာသည် ရှမ်းချောင်းကြီးရွာနှင့် ဗလပ်တောင်ကြားရှိ ဓနိတောမြေဖြစ်နေသည့်အတွက် သွားလာရန် လမ်းမရှိသေးကြောင်း အကူအညီပေးနေသူများ ကပြောသည်။

“ဓနိတောကြီးထဲ ပေးထားတယ်ဆိုတော့ သွားရေးလာရေးအတွက် လမ်းမရှိဆိုတော့ အများကြီး အခက်အခဲ ရှိနေတယ်” ဟု ရွာသားများအား ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့မှ အမျိုးသားတစ်ဦးက ပြောသည်။

ကုမ္ပဏီမှ ဓနိတောမြေ ၇ ဧကပေါ်တွင် အိမ်ခြေ ၁၅၂ အိမ်အတွက် တစ်အိမ်လျှင် ၂၅ ပေ ၊ ပေ ၅၀ ချပေးထားခြင်း ဖြစ်သည်။

ပြောင်းရွှေ့ခံရသည့် အိမ်ထောင်စု ၁၆၀ မှာ လက်ရှိမှာ မြကမ်းသာရွာအနီးရှိ လမ်းမကြီးနံဘေး တစ်ဖက်တစ်ချက်တွင်သာ တာလပတ်မိုးကာ ယာယီတဲထိုးနေထိုင်နေကြရသေးကြောင်း ရွာသားများက ဆိုသည်။

“လာမယ့် ဇန်နဝါရီ ၅ ရက်ကို နောက်ဆုံး ပြောင်းခိုင်းထားပါတယ်။ ကျွန်တော်တို့မှာ ယာယီအိမ်ဆောက် ဖို့တောင် အဆင်မပြေတဲ့ လူက များနေတယ်” ဟု ပြောင်းရွှေ့ခံရွာသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် နေရေးထိုင်ရေး ယာယီတဲဆောက်လုပ်ရေး လုံးပန်းနေရသည့်အတွက် ရွာသားအများစုမှာ အလုပ်လုပ်ကိုင်နိုင်ကြခြင်း မရှိသေးကြောင်း ရွာသားများထံမှ သိရသည်။

ယင်းကြောင့် ၎င်းတို့၏ လက်တလော စားဝတ်နေရေးကို စေတနာရှင်များ၊ ပရဟိတအဖွဲ့များက ပေးလှူ သည့်အပေါ်တွင်သာ မှီခိုစားသောက်နေရကြောင်း အကူအညီပေးနေသူများက ပြောပြသည်။

“ရေနဲ့ အခြေခံ စားသောက်ကုန်တွေက အလှူရှင်တွေ မကြာမကြာ လာလှူနေကြလို့ လောလောဆယ် စားသောက်ရေး ပြဿနာ မရှိသေးပါဘူး” ဟု ကူညီနေသူအမျိုးသားက ပြောသည်။

မြကမ်းသာရွာမြေနေရာသည် မြေပိုင်ရှင်ဆိုသူ ဒေါ်အေးမူက မြေယာမဲ့များအား လွန်ခဲ့သော ၇ နှစ်ခန့်က နေရာချထားနေထိုင်စေပြီး MFD ကုမ္ပဏီကလည်း ၎င်းတို့စီမံကိန်းမြေဟုဆိုကာ အငြင်းပွား တရားရင်ဆိုင် ခဲ့ကြသော မြေဖြစ်သည်။

ယခုအခါ ကုမ္ပဏီက အမှုအနိုင်ရရှိသဖြင့် မြကမ်းသာရွာတွင် နေထိုင်သူများသည် MFD ကုမ္ပဏီက အစားထိုးပေးသည့် မြေသို့ ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင်ကာ ပြောင်းရွှေ့ပေးရခြင်းဖြစ်သည်။