ထားဝယ်ခရိုင် ယခုနှစ်မီးလောင်မှုများတွင် ရှို့မီးနှင့် လျှပ်စစ်ကြောင့် အများဆုံး

0
195
ပုံစာ - ထားဝယ်မြို့အတွင်း မီးလာင်မှုတစ်ခုတွင် တွေ့ရသည့် မီးသတ်တပ်ဖွဲ့။

ထားဝယ်ခရိုင်တွင် ယခုနှစ်အတွင်း မီးလောင်မှုအကြိမ် နှစ်ဆယ်ကျော်ရှိပြီး ယင်းအနက် ရှို့မီးနှင့် လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်နေကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ မီးလောင်ကျွမ်းမှု ၂၂ ကြိမ်ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ စာရင်းအရ သိရသည်။

အဆိုပါ မီးလောင်မှုများအနက် ရှို့မီး ခုနစ်ကြိမ်နှင့် လျှပ်စစ်မီးကြောင့် ခုနစ်ကြိမ် လောင်ကျွမ်းကြောင်း အထက်ပါစာရင်းများအရ သိရသည်။ ရှို့မီးတွင် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် လုပ်ဆောင်မှုအပြင် ယင်းနှင့် မသက်ဆိုင်ဘဲ အခြားသော ကိစ္စများကြောင့်လည်း ပါဝင်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

မီးဖိုမီးမှတစ်ဆင့် လောင်ကျွမ်းမှု ခြောက်ကြိမ်နှင့် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု နှစ်ကြိမ်ရှိကြောင်း ယင်းစာရင်းအရ သိရသည်။

ထိုမီးလောင်မှုများတွင် နေအိမ်အဆောက်အအုံ ၁၄ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း ထားဝယ်ခရိုင်အတွင်း မီးလောင်မှု ၂၂ ကြိမ်ရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၂၈ လုံး လောင်ကျွမ်းခဲ့ကြောင်း အထက်ပါတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

ထားဝယ်ဒေသတွင် ယခင်နှစ်များက အိမ်အများအပြား မီးလောင်ကျွမ်းသည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ယင်းသို့ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မီးသတ်တပ်ဖွဲ့ ခရိုင်ဦးစီးမှူးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် (သရက်ချောင်းကားဂိတ်အနီး) ၌ မီးလောင်ကျွမ်းမှု တစ်ခုတည်းတွင် နေအိမ် ခုနစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အသိပညာပေး လုပ်ဆောင်ခြင်းကလည်း မီးလောင်မှု ကြီးကြီးမားမား မဖြစ်ပွားစေရန် ဟန့်တားရာ ရောက်ကြောင်း ခရိုင်ဦးစီးမှူးက ပြောသည်။

“ပြည်သူလူထုကလည်း ဒါတွေသဘောပေါက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်နိုင်တာ တွေရော ပါပါတယ်ခင်ဗျာ။ ပြည်သူလူထုက အဓိက ကျပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း ထားဝယ်ခရိုင်အတွင်း မီးလောင်မှု ၂၂ ကြိမ်ရှိခဲ့သည်။

မီးလောင်ကျွမ်းခြင်းနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့အား အလွယ်တကူဆက်သွယ်ခေါ်ဆိုနိုင်သည့် အရေးပေါ်နံပါတ် 191 မှာလည်း ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။