မြန်မာများကို ထိုင်းသို့ တရားမဝင်ပို့သည့် လူမှောင်ခိုသမား သုံးဦးကို ဖမ်းမိ

0
406
ပုံစာ - ထိုင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် မောတောင်-စင်ခွန်နယ်စပ်ရှိ တောလမ်းတစ်နေရာတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှောင်ခိုပို့သည့် မြန်မာတစ်ဦးနှင့် ထိုင်းနှစ်ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူမှောင်ခိုပို့သဖြင့် အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အသက် ၄၁နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးတို့ကို ထိုင်းအာဏာပိုင်များက ဦးစွာ ဖမ်းမိခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားမှာ ပရာကျွတ်ခီရီခန်ခရိုင်အတွင်းရှိ ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ လည်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နှစ်ဦးအား ဖမ်းမိပြီးနောက် ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူမှတစ်ဆင့် လူမှောင်ခို လုပ်ကိုင်သည့် အသက် ၁၈ နှစ်ရှိ ထိုင်းအမျိုးသားတစ်ဦးကိုလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ဦးနှင့်အတူ ထပ်မံဖမ်းမိကြောင်း ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

အသက် ၁၈ နှစ်အရွယ် ထိုင်းအမျိုးသားနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ဦးတို့ကို မောတောင်-စင်ခွန်းနယ်စပ်တစ်လျှောက်ရှိ တောလမ်းတစ်နေရာတွင် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ကနဦး ဖမ်းမိသည့် နှစ်ဦးကို မည်သို့ ဖော်ထုတ်ဖမ်းမိခြင်းဖြစ်သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

လူမှောင်ခိုလုပ်ကိုင်နေသူတို့အား ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြန်မာ့ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် အချိန်မှစပြီး လက်ရှိအချိန်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်ကြသဖြင့် ဖမ်းဆီးခံရသူ ထောင်နှင့်ချီ ရှိနေပြီဖြစ်သည်။

“ဘာလို့ ထပ်သွားနေတာလဲဆိုတော့ ပြည်တွင်းမှာက အလုပ်မရှိဘူး။ ပြီးတော့ လုံခြုံမှု မရှိလို့ပါ” ဟု မောတောင်နယ်စပ်နေ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာအလုပ်သမားတို့အား မကြာခဏ ဖမ်းဆီးမိသော်လည်း လူမှောင်ခို (လူပွဲစား) တို့အား ဖမ်းမိမှုမှာ မရှိသလောက် နည်းပါးသည်။