ပုလောတွင် နှစ်ရက်အတွင်း လူသုံးဦး ပစ်သတ်ခံရ

0
162

မြိတ်ခရိုင် ပုလောမြို့နယ်တွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ပုလောဒေသခံများထံမှ သိရသည်။

ကျောင်းနိမ့်ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက် ည ၆ နာရီခန့်က ဦးဖိုးတိုနှင့် ဒေါ်လုံးငယ်ဆိုသူ ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းတို့နှင့် အတူရှိနေသူ အမျိုးသားတစ်ဦးသည်လည်း ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများကပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နေ့လယ်ကလည်း ပဝတ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးကြွက်နီအား အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားပြီး ရွာအပြင်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများ ကပြောသည်။

အသတ်ခံရသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသည် စစ်ကောင်စီတပ်အား သတင်းပေးနေသည့် ဒလန်ဟု သတင်းထွက်နေကြောင်း ရွာသားတစ်ချို့က ပြောဆိုခဲ့ကြသည်။

သို့သော်လည်း အသတ်ခံရသူများသည် သတင်းပေးဒလန် ဟုတ်မဟုတ်နှင့် မည်သည့်အဖွဲ့က လာရောက် ပစ်သတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရာအိမ်မှူးအသတ်ခံရမှုကြောင့် လက်ရှိအချိန်တွင် ပဝတ်ကုန်းရွာသားများသည် နီးစပ်ရာ ဆွေမျိုးရှိရာ ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံရွာသားများက ပြောသည်။

ပဝတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်နေ့က ရွာသားသုံးဆယ်နီးပါးအား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း လက်ရှိမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးကို ဖမ်းထားဆဲဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။