မွန်လူငယ်များနေ့ကို အကျဉ်းချုံး ကျင်းပမည်

0
240

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပသွားမည်ဖြစ်ကြောင်း (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီတို့ထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါအခြေအနေနှင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေတို့ကြောင့် ယခုနှစ်တွင် မွန်လူငယ်များနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတို့က ပြောသည်။

“ဒီနှစ်လည်း ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အခမ်းအနားကို လူနည်းနည်းနဲ့ အကျဉ်းချုံးပဲ လုပ်သွားမယ်။ ပြီးရင် အွန်လိုင်းကနေ live လွှင့်သွားမယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အနယ်နယ်အရပ်ရပ်ရောက်နေသည့် မွန်လူငယ်များ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာစေရေး၊ တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေရန်အတွက် ရည်ရွယ်ပြီး မွန်လူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

ကိုဗစ်ကပ်ရောကြောင့် (၉) ကြိမ်မြောက် အခမ်းအနားကျင်းပစဉ်ကလည်း ကိုဗစ်စည်းကမ်းချက်များနှင့် အညီ အကျဉ်းချုံးသာ ကျင်းပခဲ့သည်။

ယင်းမတိုင်ခင်က ကျင်းပလာခဲ့သည့် အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းက မွန်လူငယ်များသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်၊ တနင်္သာရီ အစရှိသည့် မွန်ဒေသက မွန်လူငယ်များ ပြည်ပရောက် မွန်လူငယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ သောင်းနှင့်ချီ တက်ရောက်ရန်ပြီး စည်ကားစွာ ကျင်းပလေ့ရှိကြောင်း အခမ်းအနားဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယင်းအပြင် အခမ်းအနားတွင် ပြခန်းပြသခြင်း၊ ပြိုင်ပွဲအစီအစဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသော်လည်း (၉) ကြိမ်မြောက်နှင့် (၁၀) ကြိမ်မြောက်အခမ်းအနားကိုမူ ယင်းကဲ့သို့ ကျင်းပနိုင်ခြင်း မရှိကြောင်း ကော်မတီထံမှ သိရသည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် မွန်လူငယ်များအစည်းအဝေး စတင်ကျင်းခဲ့သည့်နေ့ကို အစွဲပြုပြီး ‘မွန်လူငယ်များနေ့’ အဖြစ် သတ်မှတ်ကြခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီလက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာတွင် ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် မွန်လူငယ်များနှီးနှောဖလှယ်ပွဲတွင် ‘မွန်လူငယ်များနေ့’ ကို ဆုံးဖြတ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။