ရာသီအဖွင့် စပါးဈေးကောင်း

0
142

ယခုနှစ် စပါးထွက်နှုန်းကျဆင်းခဲ့သော်လည်း ရာသီအဖွင့် စပါးဈေးကောင်းရနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် လက်ရှိစပါး‌ပေါ်ချိန် ပေါက်ဈေးမှာ ဆန်ကြမ်းအမျိုးအစား စပါးဆိုလျှင် တစ်တင်း ၆၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည် အမျိုးအစားဆိုလျှင် တစ်တင်း ၁၀၀၀၀ ကျပ် ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစား ဆိုလျှင် ၁၂၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း လယ်သမားအချို့နှင့် ဆန်စက်ပိုင်ရှင်အချို့က ပြောသည်။

ယ‌မန်နှစ်ကမူ ရာသီဖွင့်ချိန်မှ ဖေဖော်ဝါရီလအထိ စပါးဈေးကောင်းမရခဲ့ဘဲ ကမာကြည်အမျိုးအစား စပါးတစ်တင်းမှာ အမြင့်ဆုံး ကျပ် ၇၀၀၀ ဝန်းကျင်သာ ရရှိခဲ့ကြောင်း လယ်သမားအချို့က ပြောသည်။

“ဒီနှစ်က စပါးအထွက်နည်းလို့ ဈေးကောင်းရနေတာ” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ လယ်သမား ဒေါ်မယ်ချိုက ပြောသည်။

ဓာတ်မြေဩဇာ‌အပါအဝင် လယ်ယာလုပ်ငန်း သွင်းအားစု ဈေးမြင့်တက်ခြင်း၊ မိုးနောက်ကျခြင်း၊ ရေကြီးရေလျှံခြင်းတို့ကြောင့် ထားဝယ်ခရိုင်က လယ်သမားအများစုတွင် ယခုနှစ် စပါးအထွက်လျော့ခဲ့သည်။

ယင်းကဲ့သို့ စပါးအထွက်လျော့ခြင်း၊ နိုင်ငံရေးအခြေအနေကို တွက်ဆကာ ဆန်းကြိတ်ခွဲရောင်းချ နေသူများက လယ်ကွင်းထဲအထိ စပါးလိုက်ဝယ်ကာ သိုလှောင်နေကြကြောင်း လောင်းလုံးမြို့နယ် ဆန်စက်ပိုင်ရှင်တစ်‌ဦးက ပြောသည်။

“နောက်ဆိုရင် နိုင်ငံရေးအခြေအနေအရ ရန်ကုန်လမ်းကြောင်းက ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး။ ရန်ကုန်လမ်းကြောင်း အဆင်မပြေရင် ဒေသစပါးကိုပဲ အားကိုးကြရမှာ။ အဲဒီအချိန်ကျရင် ဈေးကောင်း ရနိုင်တယ်လို့ တွက်ပြီး ကြိုဝယ်သိုတဲ့သူလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

ဈေးကောင်းရနေချိန်ဖြစ်သောကြောင့် လက်ရှိတွင် စပါးရောင်းချသူက ပိုများနေသည်ဟုလည်း လယ်သမားအချို့က ဆိုသည်။

“နောက်ကျရင် ဒီဈေး ရချင်ရမှ ရမှာ။ စပါးကလည်း သိပ်မရဘူးဆိုတော့ ဒီထက်ဈေးကျသွားရင် ကုန်းကောက်စရာ မကျန်ဘဲဖြစ်နေမှာစိုးလို့ အကုန်ရောင်းပစ်လိုက်တယ်” ဟု သရက်ချောင်းမြို့ မြို့မရပ်ကွက်က လယ်သမား ဦးဝင်းသိန်းက ပြောသည်။

ထားဝယ်ဒေသထွက် စပါးအများစုကို ဒေသတွင် စားသုံးလေ့သိပ်မရှိဘဲ ရန်ကုန်ဈေးကွက်သို့ တင်ပို့ပြီး ရန်ကုန်ဈေးကွက်ရှိ ပေါ်ဆန်းအမျိုးအစား ဆန်ကို ပြန်တင်သွင်းကာ ဒေသအတွင်း စားသုံးလေ့ရှိသည်။