ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါး အကူညီလို

0
269

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေးလာရသည့် ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် စောင်၊ အနွေးထည်များ အကူညီလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါကျေးရွာအနီးရှိ ထားဝယ်ပြောက်ကျားတော်လှန်ရေးအဖွဲ့ (DGRF-PDF) တပ်စခန်းနှင့် ကျေးရွာအတွင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် များနှင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ကြသဖြင့် ခေါင်တိုင်ပြင်ရွာက ဒေသခံ သုံးရာနီးပါး ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်များသည် DGRF-PDF စခန်းနှင့် ခေါင်တိုင်ပြင်ရွာတွင် တပ်စွဲထားသဖြင့် စစ်ရှောင်များ နေရပ်ပြန်မရဘဲဖြစ်သည်ဟု ယင်းကျေးရွာမှ စစ်ရှောင်များကို ကူညီပေးနေသည့် လူငယ်အမျိုး သမီးတစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် Dawei Watch သို့ ပြောသည်။

“ဒီနေ့တော့ ဒုက္ခသည်တွေကို ထပ်ပြီးတော့ ခေါ်ထုတ်ထားတယ်။ ခေါင်တိုင်ပြင် တစ်ရွာတည်းကို နှစ်ရာကျော် သုံးရာနီးပါးရှိတယ်။ ရော်ဘာခြစ်နေတဲ့ အချိန်ဆိုတော့ အဝတ်အစား ဆွေးဆွေးတွေနဲ့ပဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတယ်” ဟု ၎င်းက ဆိုသည်။

ခေါင်တိုင်ပြင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှာ အင်အား ထပ်တိုးချဲ့ကာ ထပ်တိုးထားသည်ဟု ကြားသိရပြီး ယင်းကျေးရွာရှိ ဦးဇင်းတစ်ပါးကိုလည်း ရိုက်နှက်စစ်ဆေးနေသည် ကြားသိရကြောင်း လူငယ်အမျိုးသမီးက ပြောသည်။

သို့သော် အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ Dawei Watch က သီးခြားအတည် မပြုနိုင်သေးပေ။

ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သည် တောင်ပေါ်မှနေ၍ တောင်အောက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (DGRF-PDF) စခန်းနှင့် ခေါင်တိုင်ပြင်ရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာမည့်သတင်းကြောင့် PDF တပ်ဖွဲ့က လမ်းတွင်သွားစောင့်နေစဉ် လမ်းလွဲသွားသဖြင့် ခေါင်တိုင်ပြင်ရွာအနီးရှိ DGRF-PDF စခန်းအသိမ်းခံလိုက်ရသည်ဟုလည်း ကြားသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် DGRF-PDF တပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် တစ်ကြိမ်၊ ည ၆ နာရီခန့်တွင် တစ်ကြိမ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။