မြိတ်နယ်တခွင် တစ်ပတ်ရစ်ဆိုင်ကယ် အဝယ်လိုက်

0
635

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာဘက်တို့တွင် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး တစ်ပတ်ရစ် မော်တော် ဆိုင်ကယ်များ အဝယ်လိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေါ်လာဈေးကြောင့် ဆိုင်ကယ်အသစ်ဈေးကွက်တွင် ဈေးနှုန်း ခုန်တက်သွားသဖြင့် တစ်ပတ်ရစ် ဆိုင်ကယ် များကို ကျေးရွာများတွင် လိုက်လံဝယ်ယူနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်ဈေးကွက်အတွင်းမှ စုံစမ်း သိရှိ ရသည်။

မော်ဒယ်နိမ့် တစ်ပတ်ရစ်ဆိုင်ကယ် တစ်စီးလျှင် ငွေသိန်းဂဏန်းအထိ ဈေးပိုပေးပြီး လာရောက်ဝယ်ယူ နေကြခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပြသည်။

“ဈေးကောင်းရတော့ ရောင်းကြတယ်။ ရောင်းပြီး အသစ်ပြန်ဝယ်မှ ဈေးတက်နေမှန်း သိကြတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပဲ့တိုင်ကျေးရွာရှိ မော်တော်ဆိုင်ကယ်အဟောင်း တစ်ပတ်ရစ်များဖြစ်သည့် ၂၀၁၈ ခုနှစ်ထုတ် ဗီယက်နမ်အမျိုးအစား ဆိုင်ကယ်တစ်စင်းကို ကျပ်ခြောက်သိန်းမှ ကိုးသိန်းကျပ်အထိ၊ ၂၀၁၅ ခုနှစ်ထုတ် အိုင်ကြီးအမျိုးအစား တစ်စီးလျှင် ခုနှစ်သိန်းကျပ်မှ ဆယ်သိန်းကျပ်အထိ ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ကျွဲခရံကျေးရွာအုပ်စု သဇင်ကျေးရွာနေသူတစ်ဦးကလည်း ၎င်းတို့ရွာတွင် တစ်ပတ်ရစ် မော်တော်ဆိုင်ကယ် ဆယ်စီးခန့် လာရောက်ဝယ်ယူသွားကြကြောင်း ပြောပြသည်။

မြိတ်မြို့အနီး ကျေးရွာတို့တွင်လည်း တစ်ပတ်ရစ်ဆိုင်ကယ်များ လာရောက်ဝယ်ယူနေကြကြောင်း အင်္ဂမော် ကျေးရွာအုပ်စုနေသူတို့မှ သိရသည်။

ဝယ်ယူသူတို့သည် မြို့ပေါ်နေသူတို့ဖြစ်ကြပြီး တစ်ပတ်ရစ်ဆိုင်ကယ်အား ပြန်လည်ပြုပြင် ရောင်းချလေ့ ရှိကြကြောင်း စုံစမ်းသိရှိရသည်။

မော်တော်ဆိုင်ကယ်အသစ် ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်နေပြီး လူစီးများသည့် ဗီယက်နမ် အမျိုးအစား ပါကင်တစ်စီးလျှင် တစ်ဆယ့်နှစ်သိန်းနှစ်သောင်းကျပ်မှ လက်ရှိတွင် ၂၀၂၁ ခုနှစ်ထုတ် ပါကင်တစ်စီးလျှင် ကျပ်သိန်းနှစ်ဆယ်၊ ၂၀၂၀ ခုနှစ်ထုတ် တစ်စီးလျှင် တစ်ဆယ့်ရှစ်သိန်းကျပ်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း ဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရသည်။