ကင်းမွန် ဖမ်းဆီးရရှိမှုနည်းသဖြင့် ကုန်ကျစရိတ် မကာမိဟုဆို

0
190

မြိတ်ခရိုင်အတွင်း ကင်းမွန်ဖမ်းဆီးရမိမှု နည်းသည့်အတွက် ကုန်ကျစရိတ် မကာမိကြောင်း ကင်းမွန်လှေရှင်များက ပြောသည်။

တနင်္သာရီပင်လယ်ပြင်အတွင်း ရာသီပေါ်ကင်းမွန်များကို နိုဝင်ဘာလဆန်းက စတင်ဖမ်းဆီးနေကြပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှုနည်းကာ လှေအချို့ စရိတ်မကာမိကြကြောင်း လှေပိုင်ရှင်များက ဆိုသည်။

“(စက်သုံး) ဆီစရိတ်၊ အစားသောက်စရိတ်ကကြီးပြီး ကင်းမွန်အရနည်းတော့ မကျန်ဘူးပေါ့” ဟု မြိတ်မြို့မှ ကင်းမွန်လှေပိုင်ရှင် ဦးလှိုင်ဖူးက ပြောသည်။

ပြီးခဲ့သည့်နှစ်က စက်သုံးဆီ တစ်ပေပါ တစ်သိန်းနှစ်သောင်းသာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ပေပါ သုံးသိန်းနီးပါးဖြင့် ဝယ်သုံးနေကြရသလို အခြေခံစားသောက်ကုန်များသည်လည်း ထက်ဝက်ခန့် ဈေးနှုန်းမြင့်တက်နေသည်။

နှစ်စဉ်တစ်လကို လှေတစ်စီးလျှင် နှစ်ဆယ်ကီလိုဝင် ကင်းမွန်ဘန်းရေ တစ်ရာရရှိနေသည့်လှေသည် ယခုအခါ ကင်းမွန်ဘန်းရေ လေးဆယ်မှ အများဆုံး ခြောက်ဆယ်အထိသာ ဖမ်းယူရရှိနေကြကြောင်း ကင်းမွန်လှေရှင် ကိုအေးမင်းက ပြောသည်။

“လှေတော်တော်များများက အရင်ကလောက် (ကင်းမွန်) မရကြဘူး” ဟု ၎င်းက ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ကင်းမွန်အရနည်းလာသည်ကို တိတိကျကျ မပြောနိုင်ကြသော်လည်း ယင်းလုပ်ငန်း လုပ်ကိုင်ကြသူအချို့ကမူ ကင်းမွန်ငါးဖမ်းလှေငယ်များ ပိုများလာခြင်း၊ ကမ်းဝေး ငါးဖမ်းလှေကြီးများ ကမ်းနီးသို့ ဝင်ရောက်ကာ ငါးခိုးဆွဲလာခြင်းများကြောင့်ဟု ကောက်ချက်ချသည်။

“ပြီးခဲ့တဲ့ ကင်းမွန်ရာသီတုန်းက ကုန်ဈေးနှုန်းက ဒီလောက်မကြီးဘူးဆိုတော့ ခံသာသေးတယ်။ အခုက ပစ္စည်းက အရလည်းနည်းတယ်၊ စရိတ်ကလည်းကြီးတယ်ဆိုတော့ လှေရှင်တွေ ရေရှည်ရပ်တည်ဖို့က မလွယ်ဘူး” ဟု ကျွန်းစုမြို့နယ်မှ ကင်းမွန်လှေရှင်တစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်အတွင်း ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဘန်းပေါက်ဈေး အမြင့်ဆုံး တစ်သိန်းလေးသောင်း ရှိပြီး ဆိုဒ်ငယ်များမှာ ရှစ်သောင်းမှ ခြောက်သောင်းခန့်ရှိနေကြောင်း ဈေးကွက်မှ စုံးစမ်းသိရသည်။

ကင်းမွန်များကို ပင်လယ်ပြင်အတွင်း လျှပ်စစ်မီးသုံးကာ ဖမ်းဆီးကြပြီး သီတင်းကျွတ်ပြီးချိန်မှ သင်္ကြန်ကျပြီး မိုးဦးကျအထိ ဖမ်းဆီးကြသည်။

ဖမ်းဆီးရရှိသည့် ကင်းမွန်များအား ပင်လယ်ပြင်အတွင်း ကဲ့လှေကြီးများနှင့် လိုက်လံဝယ်ယူပြီး ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ သွားရောက်ရောင်းချကြသလို မြိတ်မြို့ရှိ အဝယ်ဒိုင်များနှင့် ကုမ္ပဏီများမှလည်း ဝယ်ယူ နေကြသည်။