မီးသင်္ဂြိုဟ်ရာတွင် သရဏဂုံတင်ခွင့်အပါအဝင် ကန့်သတ်ချက်အချို့ကို ပြန်ခွင့်ပြု

0
266

ထားဝယ်မြို့သုသာန်တွင် ကိုဗစ်ကပ်ဘေးကြောင့် မီးသင်္ဂြိုဟ်ရာ၌ သတ်မှတ်ထားသည့် ကန့်သတ်ချက် အချို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ဖြေလျှော့လိုက်ကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။

ထို့ကြောင့် ၉၆ ပါး ရောဂါဖြင့် သေဆုံးသည့် ရုပ်အလောင်းအား အိတ်ထဲထည့်ရန် မလိုဘဲ နှစ်လောင်းတွဲ မီးရှို့ခြင်း၊ ဘာသာရေး လူမှုရေး လိုအပ်ချက်အရ တစ်လောင်းထဲ မီးရှို့ပြီး အရိုးကောက်ခွင့်ပြုခြင်းနှင့် သုသာန်တွင် သရဏဂုံတင်ခြင်းတို့ကို ပြန်လည်ခွင့်ပြုနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလ၌ သေဆုံးသူများပြားသည့်အတွက် မီးသင်္ဂြိုဟ်ရာတွင် စည်းကမ်း ကန့်သတ်ချက်အချို့အား ဇူလိုင်လတွင် စတင်သတ်မှတ်ထားခဲ့သည်။

ယင်းအချိန်က ကိုဗစ် သို့မဟုတ် ၉၆ ပါး ရောဂါဖြင့် သေဆုံးအလောင်းများကို သေတ္တာပုံးဖြင့် ထည့်ခွင့် မပြုဘဲ အိတ်ဖြင့်ထည့်ပြီး မီးသင်္ဂြိုဟ်ရန်၊ သုသာန်တွင် သရဏဂုံ မတင်ရန်၊ အရိုးကောက်ခွင့် မပြုရန် စသော အချက်များကို ကန့်သတ်ထားခဲ့ကြောင်း နာရေးကူညီမှုအသင်း (ထားဝယ်) အတွင်းရေးမှူးက ဆိုသည်။

လက်ရှိတွင် ကိုဗစ်ဖြင့် သေဆုံးသူ နည်းပါးလာခြင်း ၊ အသုဘနာရေးပိုင်ရှင်များ၏ တောင်းဆိုချက် များကြောင့် နာရေးအဖွဲ့ အစည်းအဝေးလုပ်ကာ ယင်းကဲ့သို့ ဖြေလျှော့လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကိုဗစ်လူနာ (သေဆုံးမှု) ဆက်တိုက်ဖြစ်လာရင်တော့ နဂိုအတိုင်းပြန်လုပ်မယ်” ဟု ထားဝယ်နာရေး အတွင်းရေးမှူးက ဆိုသည်။

လက်ရှိအချိန်၌ ထားဝယ်သုသာန်တွင် ကိုဗစ်ကြောင့် သေဆုံးသည့် ရုပ်အလောင်း မရှိသည့် အနေအထားအထိ လျော့ကျသွားကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်း ကူးစက်မှုပြင်းထန်ခဲ့သည့် ဇူလိုင်လမှစကာ သေဆုံးသူအရေအတွက် များလာပြီး ဩဂုတ်လတွင်မူ ကိုဗစ် အလောင်း ၃၀၀ ကျော်အထိ မီးသင်္ဂြိုဟ်ခဲ့ရကြောင်း ထားဝယ်နာရေးကူညီမှု ထံမှ သိရသည်။