ထားဝယ်တွင် မြေကွက် အရောင်းအဝယ်ပြန်ဖြစ်

0
145

ထားဝယ်မြို့အတွင်းရှိ မြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။

ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်ကာလတွင် အရောင်းအဝယ်အနည်းငယ်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ပိုများလာကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိအချိန်တွင် အရောင်းအဝယ်အများဆုံးနေရာမှာ ထားဝယ်မြို့သစ်နေရာဖြစ်ပြီး ကျပ်သိန်းသုံးရာနှင့် သိန်းငါးရာအကြား မြေကွက်များ အရောင်းသွက်နေကြောင်း တနင်္သာရီတိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌက ပြောသည်။

ရွှေဈေးတက်နေချိန် မြေဈေးက သိသိသာသာ မတက်သဖြင့် မြေကွက်များကို ဝယ်ယူရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရွှေဈေးနဲ့ တွက်ပြီးတော့ မြေဘက်ကို လှည့်ပြီးတော့ မြေကိုပြန်ဝယ်တဲ့ ပုံစံမျိုးသွားဖြစ်တာပေါ့” ဟု ဒုတိယဥက္ကဋ္ဌက ပြောဆိုသည်။

တစ်ရက်လျှင် အနံ၄၀ ပေ၊ အလျား ၆၀ ပေ အကျယ်အဝန်းရှိ မြို့သစ်မြေကွက် ပျမ်းမျှ သုံးကွက်ခန့် အရောင်းအဝယ်ဖြစ်နေပြီး ထားဝယ်ခရိုင်အတွင်း နေထိုင်သူများက ဝယ်ယူကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့အတွင်းတွင်မူ ရောင်းချလိုသူများနေသော်လည်း အဝယ်နည်းပါးနေပြီး ကျပ်သိန်းတစ်ထောင် ဝန်းကျင် မြေကွက်အချို့သာ အရောင်းအဝယ် အနည်းငယ်ရှိကြောင်း ၎င်းက ဆိုသည်။

ယင်းမြေကွက်များအပြင် ထားဝယ်မြို့ပြင်ပရှိ ခွင့်ပြုချက်မဲ့ အကွက်ရိုက်မြေကွက်များလည်း အရောင်း အဝယ်ပြန်သွက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အဆိုပါ အကွက်ရိုက်မြေများမှာ နေရာနှင့် လူနေရွာနှင့် အနီးအဝေးအပေါ်မူတည်ကာ ကျပ် ၂၀ သိန်း မှ သိန်း ၁၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ငွေသားကိုင်ဆောင်ထားရသည်မှာ စိတ်မလုံခြုံသည့်အတွက် မြေကွက် ဝယ်ထားခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်အတွင်း အကွက်ရိုက်မြေဝယ်ထားသူတစ်ဦးက ဆိုသည်။

ထားဝယ်ဒေသရှိ မြေကွက်များမှာ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှ သင်္ကြန်ကာလအထိ အရောင်းအဝယ် ရပ်ဆိုင်းလုနီးဖြစ်သွားခဲ့သေးသည်။