ထားဝယ်တွင် အာဏာသိမ်းမှုဆန့်ကျင်သဖြင့် ပြစ်ဒဏ်ချခံရသူ အမျိုးသား ၇၀ ကျော်ရှိပြီ

0
138

အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံရကာ ထားဝယ်အကျဉ်းထောင်အတွင်း အမိန့်ချခံရသူ အမျိုးသား ၇၃ ဦးရှိပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ အမိန့်ချခံရသည့် အမျိုးသား နိုင်ငံရေးအကျဉ်းသားများ စာရင်းဖြစ်သည်။

အမျိုးသမီး နိုင်ငံရေးအကျဉ်းသားစာရင်းကိုမူ ပြုစုနေဆဲဖြစ်သည့်အတွက် မထုတ်ပြန်နိုင်သေးကြောင်း အဆိုပါကွန်ရက်၏ တာဝန်ရှိသူက ဆိုသည်။

“စဖမ်းကတည်းက နွေဦးတော်လှန်ရေး တလျှောက်လုံးမှာ ဒီဇင်ဘာ ၂၀ အထိ အမိန့်ချထားတဲ့ စာရင်းပါ” ဟု ၎င်းက ပြောသည်။

အမိန့်ချခံရသည့် အဆိုပါ အမျိုးသားနိုင်ငံရေးအကျဉ်းသားများအနက် ၂၄ ဦးမှာ အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာကြောင်း အဆိုပါကွန်ရက်၏ တာဝန်ရှိသူက ဆိုသည်။

ထိုကြောင့် ဒီဇင်ဘာလ ၂၀ ရက်အထိ စာရင်းအရ ထားဝယ်အကျဉ်းထောင်အတွင်း အမိန့်ချခံရပြီး ထောင် ကျနေသည့် အမျိုးသားနိုင်ငံရေးအကျဉ်းသား ၄၉ ဦး ကျန်နေသေးကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

အထက်ပါ အမျိုးသားနိုင်ငံရေးအကျဉ်းသား ၇၃ ဦးအနက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ၁၁ နှစ် ချခံထားရသူ သုံးဦးရှိကြောင်း အဆိုပါကွန်ရက်၏ တာဝန်ရှိသူက ဆိုသည်။

၎င်းတို့မှာ တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်၊ ကိုဇင်မျိုးမင်းနှင့် ကိုချစ်နိုင်တို့ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။