ထားဝယ် ခေါင်တိုင်ပြင်ရွာအနီးက PDF စခန်း အသိမ်းခံရ

0
322

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးဝန်းကျင်ရှိ ထားဝယ်ပြောက်ကျား တော်လှန်ရေးအဖွဲ့(DGRF – PDF) ၏ စခန်း ယနေ့ အသိမ်းခံလိုက်ရကြောင်း ခေါင်တိုင်ပြင်ရွာ ဒေသခံ အချို့ထံမှ သိရသည်။

ဒီဇင်ဘာ ၂၁ ရက် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ခေါင်တိုင်ပြင်ရွာဘက်ကို စစ်ကြောင်း ထိုးလာမည် သတင်းရသဖြင့် PDF အဖွဲ့က လမ်းတွင် သွားစောင့်နေစဉ် လမ်းလွဲသွားပြီး စခန်း အသိမ်း ခံလိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ခေါင်တိုင်ပြင် ရွာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ တောလမ်း ကများမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“(PDFဘက်က) ထိခိုက်ဒဏ်ရာရတာကတော့ ကြားရတာ နည်းနည်းပါးပါးရှိတယ်ဆို ပြောတယ်။ တောင်ပေါ်ကနေ တောင်အောက်က (PDF) စခန်းကို လက်နက်ကြီးနဲ့ ပစ်ပစ်ပြီးတော့ ဆင်းလာတာ။ (ရွာသား) အားလုံးက ရွာထဲကနေ ထွက်ပြေး ကြတယ်။ ဘာမှကို ယူလို့မမီဘူး၊ ကျွန်မတို့ဆို ပိုဆိုး၊ အိမ်ထဲမှာ ထမင်းစားနေတာ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ဝင်ရောက်လာစဉ် ဒေသခံရွာသားများလည်း ရွာလုံးကျွတ်ထွက်ပြေးရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယနေ့ မနက် ၈ နာရီခွဲမှ မွန်းလွဲ ၃နာရီကျော်အချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

ထားဝယ် ခေါင်တိုင်ပြင်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာလုံးကျွတ်ထွက်ပြေးရ