လောင်းလုံး တောင်မင်းပြောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
311

လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် အသက် ၆၀ ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ဒီဇင်ဘာ ၂၀ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါအမျိုးသားမှာ ရေဖြူမြို့နယ် ကလုံထာရွာက ဦးသိန်းဝင်းဆိုသူဖြစ်ပြီး တောင်မင်းပြောင်ရွာတွင် လာရောက် ခိုလှုံနေသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ဦးသိန်းဝင်းကို ဆိုင်ကယ်စီးလူငယ်နှစ်ဦးက တောင်မင်းပြောင်ရွာအဝင်ဝ၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၆နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း တောင်မင်းပြောင်ရွာသားတစ်ဦးနှင့် မြို့ဟောင်းရွာမှ လူငယ်အမျိုးသမီးတစ်ဦးတို့က ပြောသည်။

“ကျွန်မတို့ မြို့ဟောင်းကနေသွားရင် တောင်မင်းပြောင်ရွာ အဝင်ဝပေါ့နော်။ အဲဒီနားမှာ ဆည်းဆာဆိုတဲ့ အရက်ဆိုင်ရှိတယ်။ (ဦးသိန်းဝင်းက) အဲဒီအရက်ဆိုင်နားက ထွက်လာပြီး အပစ်ခံရတယ် ပြောတယ်” ဟု မြို့ဟောင်းရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ တောင်မင်းပြောင်နှင့် မြို့ဟောင်းရွာတို့မှာ ရွာနီးချင်းဖြစ်သည်။

ဦးသိန်းဝင်းကို မည်သည့်အတွက်ကြောင့် မည်သူတို့က ပစ်ခတ်သတ်ဖြတ်လိုက်သည်ကိုမူ အတိအကျ မသိကြောင်း ဒေသခံအချို့က‌ ပြောသည်။

“သူက ရွာခံ မဟုတ်ဘူး။ ကျွန်တော်သိရသလောက်တော့ အေးအေးဆေးဆေးပါပဲ။ သူ့ကြောင့် ရွာထဲမှာ ဖမ်းခံရတာတွေ ဘာတွေလည်း မရှိပါဘူး” ဟု တောင်မင်းပြောင်ရွာမှ ဒေသခံရွာသားက ပြောသည်။

ဦးသိန်းဝင်းသည် ဒီဇင်ဘာလ ၅ ရက်က ကလုံထာရွာထိပ်တွင် ပစ်သတ်ခံခဲ့ရသည့် ဦးအောင်စိုးနှင့် ညီအစ်ကိုတော်စပ်ကြောင်း ကလုံထာဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်စိုးမှာ စစ်ကောင်စီကို သတင်းပေးသူဟုဆိုကာ (Dawei Guerrilla Revolutionary Force) အဖွဲ့က ပစ်သတ်ခဲ့ခြင်းကိုခံရသူဖြစ်သည်။

“သူတို့က ညီအစ်ကိုတော်တယ်ဆိုပေမယ့် ဦးသိန်းဝင်းကတော့ ရွာမှာနေတုန်းက ရှုပ်ရှုပ်ယှက်ယှက်သမား မဟုတ်ဘူး။ ညီအစ်ကိုချင်းလည်း တည့်ကြတာမဟုတ်ဘူး။ လူမှားပြီး လုပ်မိတာပဲ ဖြစ်မယ်ထင်တယ်” ဟု ကလုံထာ ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်စိုး၊ ဦးသိန်းဝင်းတို့နှင့် ညီအစ်ကိုတော်စပ်သူ အခြားတစ်ဦးရှိသေးပြီး ယင်းပုဂ္ဂိုလ်သည် စစ်တပ်သတင်းပေး ဒလန်ဟု ကျော်ဇောသဖြင့် ၎င်းနှင့် လူမှားခြင်းဖြစ်နိုင်ကြောင်း ကလုံထာဒေသခံအချို့က ဆိုသည်။