ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်

0
505

ထားဝယ်ဒေသတွင် ပြီးခဲ့သည့်တစ်လခန့်မှစကာ ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်နေကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူအချို့ထံမှ သိရသည်။

ဆိုင်ကယ်အသစ် (ပါကင်) ဈေးတက်နေသည့်အတွက် အသုံးပြုပြီး ဆိုင်ကယ်တစ်ပတ်ရစ်ဈေးလည်း တက်သွားကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူတစ်ဦးက ဆိုသည်။

ဆိုင်ကယ် ထုတ်လုပ်သည့်ခုနှစ်၊ အမျိုးအစားနှင့် ဆိုင်ကယ်ကောင်း၊ မကောင်းအပေါ်မူတည်ကာ ငွေကျပ်တစ်သိန်းမှ သုံးသိန်းဝန်းကျင်အထိ ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။

“ဆိုင်ကယ်ဈေးတွေက မိုးပေါ်မှာချည်းပဲ။ အကုန်တက်နေကြတယ်” ဟု ယင်းဆိုင်ကယ် ဝယ်ရောင်း လုပ်နေသူက ဆိုသည်။

ထားဝယ်ဒေသတွင် ၂၀၁၃ ခုနှစ်ထုတ် Click I အမျိုးအစား ဆိုင်ကယ်ကို ပျမ်းမျှအားဖြင့် ၁၀ သိန်း ဝန်းကျင်ဖြင့် ရောင်းချနေကြသည်။

လက်ရှိတွင် ဆိုင်ကယ်ဈေးတက်သွားသော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ဆိုင်ကယ် ဝယ်ရောင်းလုပ်နေသည့် အခြားအမျိုးသားတစ်ဦးက ဆိုသည်။

“လူတွေက ပြန်ရောင်းလည်း ဈေးမြင့်တာပဲ။ ဝယ်တဲ့သူတွေလည်း ဝယ်နေကြတာပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်အသစ် (ပါကင်) ဝယ်စီးသူများရှိသလို စီးပြီးသား တစ်ပတ်ရစ်အား ဝယ်ယူစီးနင်းသူများလည်း ရှိသည်။

အချို့က ဆိုင်ကယ်အရောင်းပြခန်းဖြင့် ရောင်းချကြပြီး အချို့မှာ အကျိုးဆောင် (ပွဲစား) အချင်းချင်း ချိတ်ဆက်ကာ ရောင်းဝယ်သူများလည်းရှိသည်။